03 May 2022 By MPA
နွေဦးတော်လှန်ရေး၊ ကျောက်ဆည်ပညာရေးသပိတ်တွင် ငြိမ်းချမ်းစွာဦးဆောင် ပါဝင်ခဲ့သည့် CDM ကျောင်းဆရာ၏သမီး လေးနှစ်ခွဲအရွယ် မရှကီအား အဖေကိုရှာမတွေ့၍ ဓါးစာခံအဖြစ် ယနေ့ နေ့လယ်သုံးနာရီတွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။
“ကျွန်တော့်အတွက်အရေးကြီးဘူး။ ကလေးကိုဓါးစာခံလုပ်တာတော့ လူမဆန်ဘူး။ မိုက်ရင်ဒဲ့ယှဉ်ရဲတယ်။ စိန်ခေါ်တယ်”ဟု ဖခင်ဖြစ်သူက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နေ့တွင်လည်း ၎င်း CDM ကျောင်းဆရာ၏ ဇနီးဖြစ်သူကို အကြမ်းဖက် စစ်ကောင်စီက ဓါးစာခံအဖြစ် ဖမ်းဆီးပြီးနောက် မေလ(၁)ရက်နေ့တွင် အဖေ၊ အမေ၊ အကိုနှစ်ဦး၊ ညီမတစ်ဦး၊ ယောက်ခမတစ်ဦးနှင့် ခယ်မတစ်ဦးကိုပါ အကြမ်းဖက်စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့သည်။
ထိုသူအားလုံးကို အကြမ်းဖက် စစ်ကောင်စီဘက်က ပြန်မလွှတ်သေးကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတဝှမ်းရှိ ဒေသတချို့တွင် ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီးပြီး ငွေကြေးများဖြင့် ပြန်လည်ရွေးခိုင်းခြင်းလည်း ပြုလုပ်နေကြသည်ဟု သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၅၇၀) ထက်မနည်းရှိခဲ့ပြီး နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၈၀၃) ဦး ရှိခဲ့ပြီဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၄၇၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၄၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၆၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၇) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည်။
ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၀၆) ဦးအထိ ရှိပြီဖြစ်သည်။
#ဓါးစာခံ #လေးနှစ်အရွယ်ကလေး #CDM #ကျောင်းဆရာ #MPA