မန္တလေးမြို့၊ အမရပူရမြို့နယ်မှ NLD ပါတီစည်းရုံးရေးမှူး ကိုဇော်ကြီးကို သွေးသောက် အဖွဲ့ အနီရောင် စစ်ဆင်ရေး (MDY) က ယနေ့ နံနက်ပိုင်းတွင် သတ်ဖြတ်ခဲ့ကြောင်း အမရပူရ ရဲကင်းစခန်းက ပြောကြားသည်။
အလောင်းကို သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး(MDY) လည်ဆွဲနှင့်အတူ လမ်းဘေးတွင် တွေ့ရှိခဲ့ရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အမရပူရ ရဲကင်းစခန်း၏ အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မှန်တန်းကွက်သစ်ရပ်၊ ကပ်ကျော်ဘုရားအနီး တာဘောင်လမ်းတွင် NLD ပါတီစည်းရုံးရေးမှူး ကိုဇော်ကြီး အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းကို သတ်ဖြတ်ခဲ့သည်မှာ အကြမ်းဖက်စစ်တပ်နောက်ခံပေးထားသည့် အဖွဲ့ ဖြစ်ကြောင်းလည်း သိရှိရသည်။
“ဒီနေ့ ၅နာရီခွဲက တွေ့တာပေါ့။ ရက်ရက်စက်စက်သတ်သွားတာ။ အရင်လကစပြီး သွေးသောက်အဖွဲ့နာမည်နဲ့ မန္တလေးက NLD ပါတီနဲ့နီးစပ်သူတွေကို လိုက်လုပ်နေတာ”ဟု အမပူရရဲကင်းစခန်း၏ အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် တွေ့ရှိခဲ့သည့် ကိုဇော်ကြီး၏ရုပ်အလောင်းတွင် လက်နောက်ပြန် ကြိုးတုပ်လျက် လည်ပင်း နှင့် ဝဲ ယာ နံ ထိုးသွင်းဒဏ်ရာ တစ်ချက်စီဖြင့် သေဆုံးခဲ့တာဖြစ်ပြီး သူ၏လည်ပင်းတွင် သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး (MDY) စာသားပါ အနီရောင် လည်ဆွဲ ကဒ်တစ်ခု ချိတ်ဆွဲထားသည်ဟု သိရှိရသည်။
“သူက အသက်ပျောက်ပြီးမှ လည်ဆွဲချိတ်ပေးလိုက်ပုံရတယ်။ လက်နက်ပြန်ကြိုးတုပ်ထားတဲ့အနေအထားနဲ့ပဲ တွေ့ရတယ်”ဟု အမပူရ ရဲကင်းစခန်း၏ အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။
လက်ရှိတွင် မန္တလေးမြို့အတွင်း သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး (MDY) စာသားပါအနီရောင် လည်ဆွဲကဒ် ချိတ်ဆွဲကာ စွန့်ပစ်ထားခဲ့သည့် အလောင်းများကို ရက်ဆက်တိုက်ဆိုသလို တွေ့နေရပြီး အသတ်ခံရသူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် နှီးနွယ်ပတ်သက်နေသူများဖြစ်ကြောင်း စုံစမ်းသိရသည်။