ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ရွာ ၈ ရွာမှ BGF တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသား ၁၀၀ ကျော်သည် ယခုတိုင် နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက MPA သတင်းဌာနကို ပြောသည်။
ယမန်နေ့ ဧပြီ ၁ ရက်က BGF တပ်ဖွဲ့များအနေနှင့် အိမ်စီးကား ၆ စီးဖြင့် ကျေးရွာအတွင်းရှိ ရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
“မနေ့ကဖမ်းသွားတဲ့သူတွေတစ်ယောက်မှအိမ်ပြန်မရောက်သေးဘူး။ သတင်းတွေလည်းအမျိုးမျိုးကြားနေရတယ်။ သူတို့ဖမ်းသွားတာ အသက်မပြည့်တဲ့ ကလေးတွေလည်းပါသွားတယ်’’ဟု ဖမ်းဆီးခံရသည့်ရွာမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောသည်။
ထိုသို့ဖမ်းဆီးမှုများကြောင့် ယင်း ကျေးရွာအနီးနားရှိ ရွာသားအချို့မှာလည်း ကြောက်လန့်ပြီး နေအိမ်မှ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရှိရသည်။
“ကျွန်တော်တို့လည်းကြောက်လို့အခုထိရွာကိုပြန်မရဲဘူး။ ပြန်ခဲ့ရင်တောင်နေ့ခင်းဖက်ခဏပြန်တယ်။ ညဆိုရင်အိမ်မှာအိပ်မရဲဘူး။ တစ်ခြားရွာတွေမှာလိုက်အိပ်ရတယ်။ ကျွန်တော်တို့ရွာလည်းသူတို့လာဖမ်းဆိုတာကို ကြားထားလို့” ကော့လုံးကျွန်း ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ဖမ်းဆီးခေါ်ဆောင်သွားသည့်ထဲတွင် ကလေးငယ်များနှင့် မိန်းကလေးများပါဝင်နေပြီး ငွေကြေးနှင့် ပြန်လည် ရွေးခိုင်းသည့် အခြေအနေများလည်း ရှိကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။
အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြို့ရွာများနှင့်ဝေးကွာသောဒေသများတွင် အကြမ်းဖက်စစ်တပ် များနှင့် BGF ပူးပေါင်းတပ်ဖွဲ့များက ပေါတာများဆွဲပြီး မကြာခဏဆိုသလို အကြောင်းမဲ့ဖမ်းဆီးမှုများပြုလုပ်နေကြသည့်အပြင် ကျေးရွာအတွင်းရှိ မိန်းကလေးများကိုလည်း လက်နက်အားကိုးဖြင့်ညစ်ညမ်း စကားများ ပြောဆိုနေကြကြောင်း သိရှိရသည်။
ပုံစာ – BGFတပ်ဖွဲ့ဝင်များကကော့လုံးကျွန်းမှပြည်သူများအားလိုက်လံဖမ်းဆီးခြင်း
Photo – KIC