အလုပ်သမားများ၏ တစ်ရက်တာ အနည်းဆုံးလုပ်ခကြေးငွေကို ပြန်လည်ပြင်ဆင်မသတ်မှတ်နိုင်ခဲ့သည်မှာ လေးနှစ်ရှိခဲ့ပြီဖြစ်၍ အလုပ်သမားများအတွက် များစွာနစ်နာနေကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ)၏ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး ကပြောသည်။
အလုပ်သမားများ၏ တစ်ရက်တာအနည်းဆုံးလုပ်ခကြေးငွေမှာ ကျပ်၄,၈၀၀ ဖြစ်ကြောင်း ၊ ၂၀၁၇ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ပြီးနောက် နှစ်နှစ်လျှင်တစ်ကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်ရမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ မလုပ်နိုင်သဖြင့် လုပ်အားနှင့်မတန်သည့်လုပ်ခကိုသာ ရရှိနေကြကြောင်း ၎င်းကဆိုသည်။
“ အနိမ့်ဆုံးလုပ်ခလစာက ၂၀၁၈ မှာပြန်ပြီးတော့သုံးသပ်ရမှာပေါ့နော်၊ သို့သော်လည်း ဒုတိယအကြိမ်ပြင်လိုက်တဲ့ ၄,၈၀၀ကျပ် က ၂၀၁၇ ခုနှစ်မှာမှ ပြင်လိုက်တာဖြစ်လို့ တကယ်ဆိုရင်တော့ ၂၀၁၈ မှာလုပ်ရမှာမှန်ပေမယ့် ၂ နှစ်ဆိုတော့ ၂၀၁၉ ပေါ့၊ အဲ့ဒီကာလမှာကိုဗစ်ဖြစ်တယ်၊ ကိုဗစ်ဖြစ်တာကနေစပြီးတော့ မသုံးသပ် မပြင်ဆင်လိုက်ကြတာ ခုဆိုရင် လေးနှစ်ဖြစ်သွားပြီ။ အလုပ်သမားတွေက အရမ်းနစ်နာတယ်။ တစ်နေ့တစ်နေ့နဲ့အမျှ လုပ်ခလစာပြောင်းရင် တစ်ရာတိုးတိုး နှစ်ရာတိုးတိုး တစ်နေ့တစ်နေ့မှာ သူတို့ဆုံးရှုံးသွားတာအများကြီးပဲ ” ဟု ဒေါ်မျိုးမျိုးအေးကပြောသည်။
၁၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ် ကြေညာချက်ကိုလည်း STUM နှင့် မိတ်ဖက်အဖွဲ့ ၂ ဖွဲ့က ယနေ့ထုတ်ပြန်ခဲ့ရာ အလုပ်သမားများ အခွင့်အရေးနှင့်ရပိုင်ခွင့်များ ချိုးဖောက်ခံနေရသလို လုပ်ငန်းခွင်ဖိနှိပ်မှုကိုလည်း ယခင်ကာလများထက် ပိုမိုကြုံတွေ့နေရကြောင်းဖော်ပြထားသည်။
“ ခုရနေတဲ့ ၄,၈၀၀ကျပ် ဆိုတာ၂ ဒေါ်လာစွန်းစွန်းပဲရှိတယ်။ စပြီးကြေညာတုံးက ၃ ဒေါ်လာ ရဲ့ အထက်ကို ရောက်အောင် ကြေညာခဲ့ကြတာ၊ အဲ့ဒီအနေအထားကနေအနိမ့်ဆုံးလစာကပြုတ်ကျလာတာ ” ဟု ဒေါ်မျိုးမျိုးအေးကပြောသည်။
အလုပ်သမားများအနေဖြင့် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတွင် လုပ်ငန်းခွင်အတွင်း ပိုမိုဖိနှိပ်ခံကြရကြောင်း၊ သို့သော် အလုပ်ပြုတ်မည်စိုးသဖြင့် လုပ်ငန်းခွင်ဖိအားများကို ကြိတ်မှိတ်မြိုသိပ်ကာ လုပ်ကိုင်နေကြရကြောင်း၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ စက်ရုံအလုပ်သမားတစ်ဦးကပြောသည်။
“ ဖယ်ရီကိုဖြုတ်ပစ်လိုက်တယ် ၊ လုပ်ရမယ့်ကိုယ်တာတွေပိုတောင်းတယ် ။ မပြီးရင် အိုတီဆင်း ၊အဲ့ဒီအတွက်လည်း ပိုက်ဆံမရဘူး ” ဟု ၎င်းကပြောသည်။
အလုပ်သမားထုအနေဖြင့် ခေတ်ကာလနှင့်အညီ ဖူလုံသော လုပ်ခလစာရရှိရေးနှင့် ကောင်းမွန်ဂုဏ်သိက္ခာရှိသော လုပ်ငန်းခွင်အခြေအနေများ ရရှိရေးသည် မည်သည့်အချိန်တွင်မဆို အနိမ့်ဆုံးအဆင့် ရပ်ခံတိုက်ပွဲဝင်ရမည့်အချက်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိခံစားနိုင်ရန်နှင့် ပိုမိုကျယ်ပြန့်သည့် လူထုလွတ်မြောက်ရေး ပန်းတိုင်သို့ အရောက်ချီတက်နိုင်ရန်မှာ ဖက်ဆစ်စစ်အုပ်စုနှင့် သွေးစုပ်ခြယ်လှယ်ဖိနှိပ်ရေး ယန္တရားမှန်သမျှကို ဖြိုချ တိုက်ဖျက်ပစ်ရေးပင်ဖြစ်သည်ဟု မိမိတို့အနေဖြင့် ရှင်းလင်းပြတ်သားစွာ လက်ခံထားကြကြောင်း ယနေ့ထုတ်ပြန်သော မေဒေး အထိမ်းအမှတ် ကြေညာချက်တွင် ဖော်ပြထားသည်။
“ မေဒေးနေ့ဆိုတာက အလုပ်သမားတွေက တစ်နေ့ကို ၈ နာရီအလုပ်လုပ်ရဖို့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တောင်းဆိုပြီးလုပ်ခဲ့ကြတာ ။ လက်ရှိမြန်မာနိုင်ငံမှာက ရာစုနှစ်တစ်ဝက်ကိုရောက်ခဲ့ပြီးပြီပေါ့နော်။ ဒီ ၈နာရီ ထက်ကျော်ပြီး အလုပ်လုပ်နေကြရတုန်း၊ ဒီအတွက်လည်း လုပ်ခမရရှိကြဘူး။ ဝန်နဲ့အားနဲ့မမျှတဲ့အလုပ်ကိုလုပ်နေကြရတုန်းပဲ ” ဟု ဒေါ်မျိုးမျိုးအေး ကပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်ဈေးနူန်းများအဆမတန်မြင့်တက်လာသော်လည်း လုပ်ခလစာများ တိုးမြှင့်လာခြင်း မရှိသည့်အတွက် အလုပ်သမားအများစုမှာ စား၀တ်နေရေးပိုမိုခက်ခဲလာကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများ ကဆိုသည်။
( Photo – MPA / ပုံစာ – အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် လုပ်ခလစာနှုန်းထားဖြစ်ရန်အတွက်ဆဆန္ဒဖော်ထုတ်နေသည့် အလုပ်သမားများ၊ ဇန်နဝါရီ ၁၉ ရက်၊၂၀၂၀ )