ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်က လျှပ်စစ်မီတာရုံးကို ဗုံးခွဲပြီး ရာအိမ်မှူး ထွန်းကျော်ကို ယနေ့ပစ်သတ်ခဲ့ကြောင်း From Zero to Hero၏ ပြန်ကြားရေးတာဝန်ခံ ကျောင်းသားလေးကပြောသည်။
“နှစ်ခုလုံးက ဒီနေ့လုပ်တာပေါ့။ မစ်ရှင်နှစ်ခုပါ။တစ်ခုကတော့ မဟာမိတ်အဖွဲ့နဲ့ပေါင်းလုပ်တာပေါ့။ကျွန်တော်တို့အကုန်လုံးဘေးကင်းရာရောက်နေပါပြီ”ဟု From Zero to Hero၏ ပြန်ကြားရေးတာဝန်ခံ ကျောင်းသားလေးကပြောသည်။
ဧပြီလ ၃၀ရက်နေ့၊နံနက် ၉နာရီ၃၀မိနစ်က လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်းစက်မှုဇုန်မှတ်တိုင်ရှိ လျှပ်စစ်မီတာရုံးကို From Zero to Hero အဖွဲ့နှင့် ညီနောင်မဟာမိတ် Mco Ldf Army အဖွဲ့နဲ့ ပူးပေါင်းပြီး ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း From Zero to Hero၏ ပြန်ကြားရေးတာဝန်ခံ ကျောင်းသားလေးကပြောသည်။
“မနက်က ကျွန်တော်တို့ သွားလုပ်ကြတာပေါ့။ပြည်သူတွေက တော်လှန်ရေးအနေနဲ့ စကစကို အခွန်မထမ်းဖို့လုပ်နေတဲ့ဟာကို မီတာပုံးဖြုတ်၊မီးကြိုးဖြတ်နေတဲ့ ဒင်းတို့ကို သတိပေးတာပါ။ နောက်ဒီထက်ဆိုးမယ်”ဟု From Zero to Hero၏ ပြန်ကြားရေးတာဝန်ခံ ကျောင်းသားလေးကပြောသည်။
ယင်းနောက် လှိုင်သာမြို့နယ်အနောက်ပိုင်း အမှတ် ၉ရပ်ကွက် သရက်လမ်းတွင်းနေထိုင်သည့် ရာအိမ်မှုးထွန်းကျော်ကို သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်းနှင့် သေဆုံးသူသည် စစ်သားလူထွက်ဖြစ်ကြောင်း ယင်းရပ်ကွက်တွင်း နေထိုင်သူအမျိုးသားတစ်ဦးက သတင်းပေးသည်။
“ဒီနေ့ထွန်းကျော်ကို ဆိုင်ကယ်နဲ့ လူနှစ်ယောက်ပစ်သတ်သွားတာ။ ရင်ဘတ်မှာ အပေါက်ကြီးနဲ့ ဆန့်ဆန့်ကြီးလဲနေတာ”ဟု ယင်းရပ်ကွက်တွင်း နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။
အထက်ပါ ရာအိမ်မှူးထွန်းကျော်ကို ယနေ့ညနေ ၄နာရီ ၃ဝမိနစ်က လှိုင်သာမြို့နယ်အနောက်ပိုင်း အမှတ် ၉ရပ်ကွက် သရက်လမ်းထိပ်တွင် သေနတ်နှင့် နှစ်ချက်ပစ်သတ််ခဲ့ကြောင်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် From Zero to Heroအဖွဲ့၏ ရဲဘော်တစ်ဦးကပြောသည်။
“အုပ်ချုပ်ရေးမှုးရုံးကို သတိပေးရုံနဲ့မရတော့ဘူး။ သူတို့ပဲခေါင်းမာနိုင်မလား။ ကျွန်တော်တို့ပဲလက်ညိုးကွေးနိုင်မလားပေါ့။ နှစ်ချက်ပစ်ခဲ့တယ်။ ရင်ဝတည့်တည့်ကို တစ်ချက်မှန်တယ်”ဟု ယင်းရဲဘော်ကရှင်းပြသည်။
လက်ရှိမှာ ရန်ကုန်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့များအနေနှင့် အင်အားကောင်းလာပြီး တိုက်ခိုက်နှုန်းမြင့်တက်လာခဲ့သလို အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း ဖမ်းဆီးမှုနှင့် ညတွင်းဝင်ရောက်ရှာဖွေမှုများ ပိုတိုးလုပ်ဆောင်လာခဲ့ကြောင်း တွေ့မြင်ရသည်။
#မြို့ပြပျောက်ကျား #ရန်ကုန် #MPA #Myanmar
ပုံစာ- လှိုင်သာယာစက်မှုဇုန်မှတ်တိုင်အနီးမှ လျှပ်စစ်ဓာတ်အားပေးရုံး။