ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးကွယ်လွန်ခြင်းသည် ရှမ်းတမျိုးသားလုံးအတွက်သာမက ပြည်ထောင်စုအတွက်ပါဆုံးရှုံးမှုဖြစ်ကြောင်း SNLD ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်ကပြောသည်။
” ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက်တောက်လျှောက် သူ့ရဲ့ဘဝသက်တမ်းထက်ဝက်နီးပါးကိုဒီမှာပဲမြုပ်နှံခဲ့တာလေ။ မယိုင်မလဲခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့တောက်လျှောက်လုပ်ခဲ့တယ်။ ကျနော်တို့ ဂုဏ်ပြုဦးညွတ်ရမှာပါ “ ဟု ဦးစိုင်းကျော်ညွန့်ကပြောသည်။
ဦးခွန်ထွန်းဦးသည် ဧပြီ ၃၀ ရက်နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ ၉ မိုင်ရှိ ၎င်း၏နေအိမ်တွင်ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်သည်။
“ တာဝန်ကျေပြီမို့ နူတ်မဆက်ဘဲ ထွက်သွားလိုက်ပြီပေါ့ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး” ဟူ၍ SNLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
ဦးခွန်ထွန်းဦးကွယ်လွန်ခြင်းအပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကဆိုသည်။
တိုင်းပြည်၏ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားအားလုံးလေးစားရသူဖြစ်ပြီးတိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံကာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီး ဦးခွန်ထွန်းဦး ကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ဟု ယာယီသမ္မတက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီကို စတင်ထူထောင်ခဲ့သူလည်းဖြစ်၊ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးခွန်ထွန်းဦးကို ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၁ရက် တွင် သိန္နီမြို့ ၌ မွေးဖွားခဲ့သည်။ ၎င်း၏ ဖခင်သည် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ အကိုဖြစ်ပြီး ၁၉၆၄ ခုနှစ်တွင် တောင်ကြီးမြို့ ကမ္ဘောဇကျောင်းမှ တက္ကသိုလ် ဝင်တန်း ကို အောင်မြင်ခဲ့သည်။
၁၉၆၅ခုနစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ဥပဒေ ဘာသာရပ်ကို ဒုတိယနှစ် အထိ တက်ရောက်သင်ကြားခဲ့ပြီး ၁၉၆၇ မှ ၁၉၇၇ ခုနှစ်အထိ အင်ဒိုနီးရှားသံရုံး စစ်သံမှူး၏ ကိုယ်ရေး အရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဦးခွန်ထွန်းဦးသည် ဂျပန်နိုင်ငံမှ နိုင်ငံတကာ စာဖြန့်ချီရေး ကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် လည်းဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်မှစ၍ ပါတီ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။ နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူခဲ့ပြီးနောက် ၂၀၂၁ ဇန်နဝါရီတွင် ပါတီဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့သည်။
၎င်းသည် ၁၉၉၀ ပြည့် မေလ ၂၇ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် (SNLD) ကို ဦးဆောင်ပြီး မြန်မာပြည်တဝှမ်း ရှမ်းတိုင်းရင်းသားများ စုစည်းနေထိုင်သည့် ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တနိုင်ငံလုံး ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သည့်ပါတီလည်းဖြစ်သည် ။
ဦးခွန်ထွန်းဦး ကိုယ်တိုင် သီပေါ မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက် အရွေးခံရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ဦးခွန်ထွန်းဦးသည် ၂၀၀၅ ခုနှစ်တွင် ရှမ်းပြည်နယ်အတိုင်ပင်ခံကောင်စီဖွဲ့စည်းမှုဖြင့် ထောင်ဒဏ်၉၃ နှစ် ချမှတ်ခံရပြီး ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထို့နောက် နိုင်ငံရေး လောကတွင် တရားဝင် လှုပ်ရှားနိုင်ရန် ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့သည်။ ဦးခွန်ထွန်းဦး ထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်း SNLD ပါတီဥက္ကဌ SSJAC ဥက္ကဌ တို့ အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး CSSU ဥက္ကဌ အဖြစ် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့ပြင် ၎င်းသည် တိုင်းရင်းသားပါတီ ၁၃ ခုဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)တို့တွင်လည်း နာယကအဖြစ် တာဝန်ယူခဲ့ပြီး ဒီမိုကရေစီအရေး ၊တိုင်းရင်းသားအရေးတို့ကို ဘဝတလျှောက်လုံး ခိုင်မာသည့်ယုံကြည်ချက်ဖြင့်လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။
#ဦးခွန်ထွန်းဦး #SNLD #ကွယ်လွန် #MPA #Myanamr