By 003 / MPA
သကြ်န်ပြီးနောက်ပိုင်းတွင် မြောက်ဒဂုံ၊အရှေ့ဒဂုံအပါအဝင်ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များ မီးပျက်မှုပိုမိုဆိုးလာပြီး အချို့မြို့နယ်များတွင် တစ်နေ့လျှင် အများဆုံး ၁၅ မိနစ်ခန့်သာမီးလာတော့ကြောင်း ပြည်သူများကပြောသည်။
အရှေ့ဒဂုံမြို့နယ်တွင် ဧပြီ ၂၇ ရက်နံနက်လေးနာရီတွင်မီးစပျက်ခဲ့ပြီးနောက် ဧပြီ ၂၈ ရက်နေ့လယ်အထိ တစ်နာရီပြည့်အောင်မီးမလာသေးကြောင်း ယင်းမြို့နယ်နေပြည်သူများကပြောသည်။
“ဧပြီ ၂၇ ရက်မနက်လေးနာရီကနေပျက်လိုက်တာတစ်နေ့လုံးလည်းမလာဘူး။ည ၁၂ နာရီကျော်တော့ ၁၅ မိနစ်လောက်လာသွားပြီး ၂၈ ရက် နေ့လယ် နှစ်နာရီကျော်ပြီ ခုထိမလာသေးဘူး”ဟု အရှေ့ဒဂုံမှပြည်သူတစ်ဦးကပြောသည်။
ယင်းသို့ နာရီ ၃၀ ကျော်မီးပျက်နေသဖြင့် မြို့နယ်နေသူများ ရေအခက်အခဲရှိလာသလို အသေးစားစီးပွားရေးလုပ်ငန်းများလည်းထိခိုက်မှုများရှိလာသည်။
ယင်းမြို့နယ်နေ ကိုရီးယားအသားကင် လက်လီလက်ကားရောင်းချသူတစ်ဦးက “ရောင်းတဲ့ပစ္စည်းတွေက အေးခဲပစ္စည်းတွေလေ။ခုမီးကတစ်ရက်ကျော်ပျက်နေတော့ ရေခဲသတ္တာလည်းမအေး။ပစ္စည်းတွေအကုန် ရိရွဲပြီး ပစ်ရတော့မယ်”ဟု ပြောသည်။
မြောက်ဒဂုံ၊သာကေတ စသည့်မြို့နယ်များတွင်လည်း ယခင်ထက်ပိုမိုမီးပျက်လာသဖြင့် လူမှုရေး စီးပွားရေး စသည်တို့တွင် ထိခိုက်နစ်နာမှုများရှိလာကြောင်း ပြည်သူများကပြောသည်။
“၄ နာရီပျက် ၄ နာရီလာဆိုတာကြီးကမမှန်တော့ဘူး။အလုပ်နဲ့အိမ်နဲ့ကမီးလာချိန်မတူတော့ အိမ်မှာမီးလာရင်အိမ်မှာလုပ်၊နေ့ခင်းပိုင်းပျက်ရင် ရုံးကိုပြန်ပြေး။နောက်နေ့မနက်ပိုင်းအိမ်မှာမီးပျက်ရင် ရုံးမှာအလုပ်လုပ်။တော်တော်ဆိုးဆိုးပဲ”ဟု မြောက်ဒဂုံမှ ကုမ္ပဏီ ဝန်ထမ်း တစ်ဦးကပြောသည်။
အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်သူများအနေဖြင့် မီးမမှန်သောကြောင့်ရေအခက်အခဲဖြစ်လာသလို ချက်ရေးပြုတ်ရေးများတွင်လည်း ဖြစ်သလို စားသောက်နေရသည့်အခြေအနေဖြစ်လာသည်ဟု သာကေတမြို့နယ်တွင်နေထိုင်သည့်အမျိုးသမီးတစ်ဦးကပြောသည်။
“မီးကပျက်လွန်းလို့ ကိုယ့်အလှည့်တောင်ဘယ်အလှည့်မှန်းမသိတော့ဘူး နေ့ရောညရောမအိပ်ရဘူး ကလေးကပူလို့ ။ ယပ်တောင်ထိုင်ခတ်နေရတာ ။ ကလေးကိုလည်း အနှီးတောင်မသုံးတော့ဘူး Diaper ပဲသုံးတယ် အနှီးလျှော်ဖို့ ရေမရှိလို့ ။ ဟင်းချက်လည်းအသားငါးမချက်တော့ဘူး ။ အရွက်ပဲကြော်စားတယ် အသားငါးဆိုချက်ချိန်ကြာတော့ ဂတ်စ်ကုန်လို့”ဟု ယင်းအမျိုးသမီးကပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပြည်သူများအား လျှပ်စစ်မီးမှန်မှန်မပေးနိုင်တော့ဘဲ မတ်လမှစ၍ ၄ နာရီလာ ၄ နာရီပျက်စနစ်ဖြင့် အလှည့်ကျမီးပေးသည့်စံနစ်ကိုကျင့်သုံးခဲ့သည်။သို့သော် လက်ရှိတွင် ယင်းသို့အလှည့်ကျစနစ်ကိုပင် အချိန်ပြည့်အောင်မပေးနိုင်တော့ကြောင်း ပြည်သူများကဆိုသည်။
“လာမယ့်အလှည့်လည်းအချိန်ပြည့်မလာဘူး ။ ညနေ ငါးနာရီကနေ ည ကိုးနာရီအထိလာကလှည့်ဆိုရင် အဲ့ဒီကြားထဲမှာကို အကြိမ်ကြိမ်ပျက်နေတာ”ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
စစ်ကောင်စီအနေဖြင့် မီးမှန်အောင်မပေးနိုင်ေသာ်လည်း မီတာမဆောင်သည့်နေအိမ်များကို မီတာပုံးလိုက်ဖြုတ်သည့်အလုပ်ကိုခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း ပြည်သူများကဆိုသည်။
အလုံကျောင်းလမ်းနေပြည်သူတစ်ဦးက “ ကျမတို့ဘက်မှာ မီတာမဆောင်လို့ဆိုပြီး EPCကလူတွေမီတာပုံးတွေလာဖြုတ်သွားတယ်။မီတာပုံးပြန်တပ်ဖို့ကို ပိုက်ဆံလည်းပေးရတယ်။နောက်ဒါမျိုးမလုပ်တော့ပါဘူးဆိုပြီး ခံဝန်လည်းထိုးခဲ့ရတယ်”ဟု ပြောသည်။
နိုင်ငံတစ်နိုင်ငံတွင်အရေးအပါဆုံးဖြစ်သည့် လျှပ်စစ်မီးဖြန့်ဖြူးရေးကဏ္ဍတွင် ဖရိုဖရဲဖြစ်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ယင်းအပေါ် တစုံတရာဖြေရှင်းပေးမှုမရှိပေ။
ပုံစာ – ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တစ်ခုတွင်မီးပျက်နေစဉ် ။
#မီးပျက် #EPC #ရန်ကုန် #MPA #Myanmar