Photo – MPA / ပုံစာ -ဘူတာရုံလမ်းမှတ်တိုင်အနီးက EPCရုံးသို့လာရောက်ကာ ကြွေးကျန်မီတာခများတိုးဝှေ့စီတန်းဆောင်နေကြသူများ
By 001 / MPA
ရန်ကုန်တိုင်း၊လှိုင်မြို့နယ်အတွင်းရှိ သီရိမြိုင်တစ်ရပ်ကွက်လုံးနီးပါး မီးဖြတ်ခံထားရတာကြောင့် လလွန် မီတာဒဏ်ကြေးသွားဆောင်နေရကြောင်း သီရိမြိုင် ရပ်နေသူတစ်ဦးကပြောသည်။
“အိမ်မှာမီးကမရ နေကပူနဲ့ ဘယ်လိုမှအဆင်မပြေဘူး။သူတို့က ဒီလပိုင်းဆောင်ရုံနဲ့မရပဲ အာဏာသိမ်းကာလက မီတာခကိုပေးမှ မီးပြန်ပေးမှာ”ဟု သီရိမြိုင် ၃ လမ်းနေသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့က ရန်ကုန်တိုင်း၊လှိုင်မြို့နယ်အတွင်းမှ လလွန်မီတာကြွေးမကျေသေးသည့် လှိုင်မြို့နယ်၊၁၃ရပ်ကွက်၊ သီရိမြိုင် ၃ လမ်းမှ သီရိမြိုင် ၁၀လမ်းအထိ မီးဖြတ်ခံခဲ့ရကြောင်း ရပ်ကွက်နေသူတစ်ဦးကဆိုသည်။
“သူတို့က ၂၂ရက်နေ့မနက်က DCကားငါးစီးကျော်နဲ့လာတာ EPCဝန်ထမ်းတွေနဲ့ စစ်ခွေးတွေ ရပ်ကွက်ထဲဆင်းပြီး မီးလိုက်ဖြတ်ကြတာ။ အကုန်လုံးနီးပါးအဖြတ်ခံလိုက်ရတယ်။ သူတို့က ဘူတာရုံလမ်းမှာပဲလာဆောင်ရမယ်ဆိုလို့ ဒီနေ့ဆောင်တာပါ”ဟု သီရိမြိုင်လမ်းနေ အမျိုးသမီးတစ်ဦးကပြောသည်။
အထက်ပါမီးဖြတ်တောက်မှုနှင့်ပတ်သက်ပြီး ဘူတာရုံလမ်းရှိ လှိုင်မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံးအနေနှင့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိနိုင်ရေးအတွက် မီတာခပေးရန် ကြွေးဟောင်း ကျန်သည့် မီတာခများကိုလိုက်လံကောက်ခံခြင်းသာဖြစ်ကြောင်းနှင့် ဘူတာရုံလမ်းရှိ EPCရုံးသို့လာရောက်ပြီး ဒဏ်ကြေးပေးဆောင်သည့် နေအိမ်များကို လျှပ်စစ်မီးပြန်လည်ပေးသွားမည်ဖြစ်ကြောင်း အဆင့် (၁)ရာထူးရှိ အမည်မဖော်လိုသူ EPCဝန်ထမ်းတစ်ဦးက ပြောသည်။
“ဒီနေ့က မီတာခမဆောင်တဲ့သူတွေကို နေအိမ်မီးသွားဖြတ်ကြတာ။ဒဏ်ကြေးပေးရင် ပြန်ပြီးတပ်ဆင်ပေးမှာပါ။တချို့က အခုဆောင်နေတယ်ဆိုပေမယ့် မဆောင်တဲ့လက ၈လ၉လလောက် အနည်းဆုံးရှိကြသေးတယ်။အဲ့တာမို့ ဖြတ်တာပါ”ဟု အဆင့် (၁)ရာထူးရှိ အမည်မဖော်လိုသူ EPCဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိမှာ လှိုင်မြို့နယ်၊ဘူတာရုံလမ်းမှတ်တိုင်အနီးရှိ လျှပ်စစ်ဓာတ်အားပေးရုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ လုံခြုံရေးကင်းယူကာ မီတာဒဏ်ကြေးဆောင်သည့်ပြည်သူများ ရုံးအတွင်း လူအနည်းခြင်းသာ အဝင်ခံပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူများက ပြောသည်။
“ပြည်သူတွေက အထဲမှာနေနေတာအပြင်ကိုမထွက်ဘူး။ လူသားဒိုင်းကာအနေနဲ့ လာဗုံးဖောက်လို့မရအောင်ပြည်သူကိုကာပြီး အထဲကနေ ကြည့်နေကြတာ။အင်အားများတယ်။အခုဆောင်ရတဲ့သူတွေက သူများရပ်ကွက်တွေလဲမဆောင်ဘူး ဖြတ်ပါလားပြောအောင်ဖန်တီးပြီး အချင်းချင်းပြန်တိုက်တဲ့အကွက်နင်းနေတာ”ဟု နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ်ချက်ပေးသည်။
လက်ရှိမှာ လှိုင်မြို့နယ်အတွင်း မီးဖြတ်ခံထားရသည့် အိမ် ၁၀၀ကျော်ရှိနေပြီး ဘူတာရုံလမ်းမှတ်တိုင်အနီးက EPCရုံးသို့လာရောက်ကာ ကြွေးကျန်မီတာခများတိုးဝှေ့စီတန်းဆောင်နေကြကြောင်း စုံစမ်းသိရသည်။