နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုအဂတိလိုက်စားသည်ဆိုကာ ဧပြီလ၂၇ရက်နေ့တွင် နေပြည်တော်ရှိ အထူးတရားရုံးက ထောင်ဒဏ် ငါးနှစ် ထပ်တိုးချမှတ်လိုက်ကြောင်း လိုက်ပါဆောင်ရွက်နေသည့်ရှေ့နေများထံမှ သိရသည်။
အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပထမအသုတ် တရားစီရင်မှုပြီးသောအမှုများအတွက် ထောင်ဒဏ် ခြောက်နှစ်ချခံထားပြီးဖြစ်သည်။
“မနက်၉:၃၀မှာတွေ့နေကျ ဒီနေ့တော့၁၀နာရီလောက်မှာရောက်လာပြီး အမိန့်တန်းဖတ်တာ။ ရှေ့နေတစ်ယောက်အနေနဲ့ပြောရရင်အမိန့်ဟာမတရားဘူးရှေ့ဆက်အယူခံတက်မရ်”ဟု ဒေါ်အောင်ဆန်းစုကြည်အမှုကိုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေတစ်ဦးက ပြောသည်။
အမိန့်ချသောအမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ခုနှစ်ပိဿာပေးခဲ့ကြောင်း စွပ်စွဲမှုဖြစ်သည်။
ရွှေနှင့် ဒေါ်လာများကို ဦးဖြိုးမင်းသိန်းက ပေးအပ်ခဲ့ခြင်းမရှိသကဲ့သို့ ၎င်းအနေဖြင့် လက်ခံရယူခဲ့ခြင်းလည်း မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မတ်လ ၁၄ရက်နေ့ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။
“ဒေါ်စုဘက်ကရယူတာဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါပေမယ့်ပါတီရန်ပုံငွေကိစ္စတွေနဲ့ပါတ်သတ်ရင်ဖြိုးမင်းသိန်းဘက်ကမရှင်းမရှင်းတွေရှိတယ်”ဟု NLDပါတီဗဟိုစီးပွားရေးကော်မတီ၀င်ဟောင်းတစ်ဦးကပြောသည်။
တရားလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွှန်မှူး ဦးရဲထက်က သက်သေခံ ပစ္စည်းဖြစ်သည့် ရွှေနှင့်ဒေါ်လာများကို ဒေါ်အောင်ဆန်းစုကြည်ထံက သိမ်းဆည်းရမိခြင်းမရှိဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ဧပြီ ၁၈ရက်နေ့ရုံးချိန်းတွင် အမှုနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ့များက တရားလိုဘက်က သက်သေအခိုင်အမာမပြနိုင်မှုအပေါ် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး တရားလိုဘက်ကမူ ဦးဖြိုးမင်းသိန်း၏ ဇနီးထွက်ဆိုချက်၊ ဦးဖြိုးမင်းသိန်းနှင့်အတူ လိုက်ပါသွားသူ၏ ထွက်ဆိုချက်များအပေါ် အပြီးသတ်လျှောက်လဲချက်ပေးသည်။
အကျင့်ပျက်ခြစားမှုနာမည်ဆိုးဖြင့်ကျော်ကြားသော မင်းအောင်လှိုင်ကဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းမှုမကြေညာမှီမှာပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြီးအကဲများကို ထိန်းသိမ်းထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၇မှုဖြင့် တရားစွဲသည်။
“အခုအမူကအဂတိပုပ်မ၅၅ဆိုတာအယူခံသက်သေရှိရင်ဆက်ရင်ဆိုင်ရမှာဘဲလေ။ နိုင်ငံရေးအရတော့မပြောချင်ဘူးရှေ့နေတစ်ယောက်အနေနဲ့ဘဲအမှုသည်အတွက်လိုအပ်တာကိုဆက်လုပ်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်အမှုကိုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေတစ်ဦးက ပြောသည်။
အမှုများအနက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ ပို့ကုန်၊သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ဖြင့် အမှု နှစ်မှုတို့အတွက် ထောင်ဒဏ် ရှစ်နှစ် ကျခံစေရန် တရားရုံးက အမိန့်ချခဲ့ပြီး စစ်ကောင်စီက နှစ်နှစ်လျော့ပေးခဲ့သည်။
အခြားသောအမှုများအနေဖြင့်လည်း မစ္စတာရှောင်တာနယ်နှင့်အတူ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)၊နှင့် အဂတိမှုများအား ဆက်လက်တရားရင်ဆိုနေရသည်။
ကျန်ရှိသည့်အမှုများအတွက် အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များတွင် နေပြည်တော်တွင် ရုံးချိန်းတက်ရောက်ပြီး ဆက်လက်ရင်ဆိုင်ရမည်ဟုသိရသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုများစွာ စွဲဆိုထားသည့်အနက်မှ ယခုအမိန့်ချမှတ်မှုသည် ၆ မှုမြောက်အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။