မြဝတီ-ကော့ကရိတ်လမ်းက မော်တော်ယာဉ်များကို ညွှန်ကြားချက်မရပဲ ပစ်ခတ်ခြင်းမလုပ်ရန် KNLA စစ်ဦးစီးချုပ် ညွှန်ကြားထားကြောင်း တပ်မဟာ ၆၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးတစ်ဦးကပြောသည်။
အဆိုပါညွှန်ကြားချက်ကို ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်မဟာ ၆နှင့် တပ်မဟာ ၇ရှိ တပ်မဟာမှူးများဆီ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“အဓိကကတော့ မော်တော်ယာဉ်တွေ၊ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်တွေနဲ့ ကုန်တင်မော်တော်ယာဉ်တွေကို နှောင့်ယှက်ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဖို့ မှာကြားတာပေါ့။တော်ကြာတခြားသူလုပ်ပြီး ကိုတွေလုပ်တယ်ဖြစ်မှာစိုးလို့”ဟု တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးတစ်ဦးကပြောသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာနေသည့် ခရီးသည်တင် မော်တော်ယာဉ်များ၊ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များနှင့် ကုန်တင်မော်တော်ယာဉ်များကို နှောင့်ယှက်ပစ်ခတ်ခြင်း၊မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်ကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ညွှန်ကြားထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကေအန်ယူနယ် တပ်မဟာ ၇ ၊ ကျောက်ကဗန်းဘက်အခြမ်း တပ်ရင်း ၁၀၁ ထိန်းချုပ်သည့်နယ်မြေမှ တဆင့်ဝင်ရောက် ရန်စီစဉ်နေပြီး၊ ၎င်းနယ်မြေသို့ဝင်လာမည့် စစ်ကောင်စီတပ်များအား တပ်မဟာ ၇ ဘက်မှ ရန်သူကို ဟန့်တားရန်စောင့်ကြည့်နေရပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်ကိုလည်း မထင်သလို ဝင်ရောက်နိုင်သည့် သတင်းများအရ KNLAတပ်မဟာ ၆မှ တာဝန်ရှိသူတွေဟာ ယာဉ်တန်းများကို စိစစ်နေရခြင်းဖြစ်သည်ဟု သိရသည်။
ဒါ့အပြင် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့်KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ၂၇ ရက်နေ့က၊တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်၊အာရှလမ်းပိုင်းဖြတ်သန်းသွားလာမှုကို ရက်အနည်းငယ် ပိတ်ထားခဲ့ပြီး လက်ရှိတွင် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ် Express ကားများနှင့်၊ အိမ်စီးကားများကို အချိန်ကန့်သတ်ချက်ဖြင့် နံနက် ၆ နာရီမှ ည ၇ နာရီအထိ ပြန်လည်ဖြတ်သန်း သွားလာခွင့်ပေးထားကြောင်း ၂၀၂၂ ခုနှစ်၊ဧပြီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် KNU ဒူးပလာခရိုင်မှ ထုတ်ပြန်ထားသည်။
KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ယင်းထုတ်ပြန်ချက်ကို KNLA တပ်မဟာ ၆၊ တပ်မဟာ ၇ ရှိ တပ်မဟာမှူးများဆီ အဓိကထားပေးပို့တာဖြစ်ကြောင်း တပ်မဟာ ၆၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးတစ်ဦးကပြောသည်။
“တပ်မဟာမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးက တဆင့် တပ်မဟာ ၆လက်အောက်ခွဲတွေကို ဒီနေ့ညွှန်ကြားပြီးပါပြီ။မလိုက်နာရင်တော့ စည်းကမ်းအတိုင်း အရေးယူခံရမှာပေါ့”ဟု တပ်မဟာ ၆၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးတစ်ဦးကပြောသည်။
ယင်းညွှန်ကြားချက်၏ နောက်ဆုံးအပိုဒ်တွင် အထက်ပါအချက်များကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဟု သတိပေးထားသည်။