ကိုအောင်ဖုန်းမော်
ကိုဆစ်နိုင်
By MPA
အင်းစိန်ထောင်တွင် ဖမ်းဆီးချုပ်နှောင် ခံနေရသော နိုင်ငံရေးအကျဉ်းသားအချို့ ဧပြီ၂၄ရက်နေ့ နံနက်ပိုင်းမှစတင်ကာ အခြားအကျဉ်းထောင်တခုသို့ ပြောင်းရွှေ့ခံရကြောင်း မိသားစုဝင်များထံမှ သိရသည်။
ထောင်ပြောင်းရွေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများတွင် ရတကသဗဟိုအလုပ်အမှုဆောင် ကိုအောင်ဖုန်းမော်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒု ဥက္ကဋ္ဌ ကိုဆစ်နိုင်တို့ ပါဝင်ကြောင်း ထောင်ဝင်စာကူညီပို့ဆောင်ပေးနေသူ ဗကသ အဖွဲ့ဝင်တစ်ဦးကဆိုသည်။
“ ဧည့်တွေ့ခွင့်မရှိတဲ့ကာလမှာ မိသားစုနဲ့တရားဝင် စာအဆက်သွယ်ကို ရက်သတ္တပတ်ကြာ စစ်ဆေးပြီး အထဲမရောက်ပဲ ဖြတ်ချ ယူထားတာမျိုးတွေ ကြုံရတယ်။ သကြန်မတိုင်ခင်ကာလက မုံရွာကနေ မြင်းခြံထောင်ပြောင်းလိုက်တဲ့အခါမျိုးတွေ၊ အခုလို အင်းစိန်ကနေ နေရာအတိကျမသိရသေးတဲ့ နယ်ထောင်တွေကို ပြောင်းခံရတာပဲ ဆိုတာမျိုးတွေ ကြုံလာရပါတယ်။ “ ထောင်ဝင်စာကူညီပို့ဆောင်ပေးနေသူ ဗကသ အဖွဲ့၀င်တစ်ဦးကဆိုသည်။
ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၃၀ နီးပါးရှိပြီး အမျိုးသမီး ၃၀ ဦး၊ အမျိုးသား ၁၀၀ ဦး ပါဝင်ပြီး မိသားစု၀င်များအနေဖြင့် မည်သည်ထောင်သို့ပိုဆောင်လိုက်သည်ကိုမသိရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
“ အခုလို ခရီးသွားရခက်ခဲကျပ်တည်းတဲ့ကာလမှာ မိသားစုက လိုက်လံဆက်သွယ်ဖို့ကလည်း မလွယ်ကူတာမျိုးတွေ၊ သတင်းတွေအမှောင်ချခံရထားတဲ့ နယ်ထောင်တွေရောက်သွားတော့ သူတို့ရဲ့လုံခြုံရေးနဲ့အဆက်အသွယ်အတွက် အများကြီး ခက်ခဲလာတာလို့ စိုးရိမ်မိပါတယ်။ ” ဟု မိသားစုဝင်တစ်ဦးကပြောသည်။
နိုင်ငံရေးလိုအပ်ချက်အတွက် လူထုကိုစည်းရုံးအားကောင်းသည့် နိုင်ငံရေးအကျဉ်းသားများကို နယ်ထောင်များသို့ပို့ဆောင်ခြင်းနှင့် ပတ်သက်ပြီး “ ဒါဟာ စစ်အုပ်စုက ကျနော်တို့ရဲ့ အကျဉ်းကျနေတဲ့ နိုင်ငံရေးရဲဘော်တွေဟာ ထောင်တွင်းမှာလည်း စစ်ကောင်စီရဲ့မတရားတဲ့အမိန့်တွေ၊လူ့အခွင့်ရေးချိုးဖောက်ခံနေရမှုတွေအပေါ် အမြဲဆန့်ကျင်တော်လှန်နေတာကို ပြိုလဲအောင်ဖြိုခွဲတဲ့သဘောနဲ့ ရသမျှနည်းသုံးပြီး ထောင်တွင်းဖိနှိပ်တာလို့မြင်ပါတယ်။ “ ဟု ဗကသအဖွဲ့၀င်တစ်ဦးကဆိုသည်။
အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း မတရားဖမ်းဆီးခံရသည့် နိုင်ငံရေးသမားများကို အကျဉ်းထောင်များတွင် ဖိနှိပ်ခံရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရများကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ထောင်အာဏာပိုင်များက ကျူးလွန်လျှက်ရှိသည်။
ယင်းသို့သော ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အကူအညီပေးနိုင်မည့် နည်းလမ်းများပြုလုပ်ပေးကြရန်နှင့် ထောင်တွင်းရှိ နိုင်ကျဥ်းများ၏ အသံများကို စဥ်ဆက်မပြတ် ထုတ်ပေးကြရန် ဗကသအဖွဲ့၀င်တစ်ချို့က တိုက်တွန်းနှိုးဆော်ထားသည်။