Photo- MPA
By MPA / 001
ရန်ကုန်တိုင်း၊လှိုင်မြို့နယ်အတွင်းမှ လလွန်မီတာကြွေးမကျေသေးသည့် သီရိမြိုင် တစ် ရပ်ကွက်လုံးနီးပါး မီးဖြတ်ခံနေရကြောင်း လှိုင်မြို့နယ် သတင်းစုဆောင်း ဖြန့်ဝေရေး လူငယ်များအသင်း၏အဖွဲ့ဝင်တစ်ဦးကပြောသည်။
လလွန်မီတာကြွေးမကျေသေးသည့်အတွက်လျှပ်စစ်မီးဖြတ်တောက်ခံရသည့်ရပ်ကွက်များဟာ လှိုင်မြို့နယ်၊၁၃ရပ်ကွက်၊ သီရိမြိုင် ၃ လမ်းမှ သီရိမြိုင် ၁၀လမ်းအထိဖြစ်ပြီး ယနေ့မနက် ၉နာရီမှ စတင်စစ်ဆေးဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း လှိုင်မြို့နယ် သတင်းစုဆောင်းဖြန့်ဝေရေးလူငယ်များအသင်း၏အဖွဲ့ဝင်တစ်ဦးကပြောသည်။
“သူတို့မနက်ကလာကြတာ။ DCကားငါးစီးကျော်တယ်။ EPCဝန်ထမ်းတွေနဲ့ စစ်ခွေးတွေ ရပ်ကွက်ထဲဆင်းပြီး မီးလိုက်ဖြတ်ကြတာ။ အကုန်လုံးနီးပါးအဖြတ်ခံရတယ်”ဟု လှိုင်မြို့နယ် သတင်းစုဆောင်းဖြန့်ဝေရေးလူငယ်များအသင်း၏ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ EPCဝန်ထမ်းများမှ လျှပ်စစ်မီး လာရောက် ဖြတ်တောက်မှုကိုခံခဲ့ရသည့် လှိုင်မြို့နယ် ၁၃ရပ်ကွက်၊သီရိမြိုင် ၅လမ်းနေ ပြည်သူတစ်ဦး အားမေးမြန်းရာ EPCမှ မီတာခ မပေးဆောင်ဖြစ်ခဲ့သည့် ကြွေးကျန်မီတာစာရွက်အားပြကာ လျှပ်စစ်မီးဖြတ်တောက်သွားကြောင်းနှင့် လှိုင်မြို့နယ်၊ဘူတာရုံလမ်းရှိ မီတာရုံးတွင် လာရောက်ပေးချေရန်ပြောကြားခဲ့ကြောင်း သတင်းပေးပို့သည်။
“ကျွန်တော်တို့က အခုမီတာဆောင်နေတာပဲ။သူတို့က ၂၀၂၁၊၃လပိုင်းက စာရွက်ကြီးပြပြီး ဖြတ်သွားတာ။မေးစရာရှိရင် ရုံးလာခဲ့လို့ပြောသွားတယ်။သူ့အဖေတွေပါတော့ ဘာမှ မမေးရဲဘူး”ဟု လှိုင်မြို့နယ် ၁၃ရပ်ကွက်၊သီရိမြိုင် ၅လမ်းနေ ပြည်သူတစ်ဦး ကပြော သည်။
ဘူတာရုံလမ်းရှိ လှိုင်မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံးအနေနှင့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိနိုင်ရေးအတွက် မီတာခပေးရန် ကြွေးဟောင်း ကျန် သည့် မီတာခများကိုလိုက်လံကောက်ခံခြင်းသာဖြစ်ကြောင်းနှင့် ဘူတာရုံလမ်းရှိ EPCရုံးသို့လာရောက်ပြီး ဒဏ်ကြေးပေးဆောင်သည့် နေအိမ်များကို လျှပ်စစ်မီး ပြန်လည် ပေးသွားမည်ဖြစ်ကြောင်း အဆင့် ၁ရာထူးရှိ အမည်မဖော်လိုသူ EPCဝန်ထမ်းတစ်ဦးက ပြောသည်။
“ဒီနေ့က မီတာခမဆောင်တဲ့သူတွေကို နေအိမ်မီးသွားဖြတ်ကြတာ။ဒဏ်ကြေးပေးရင် ပြန်ပြီး တပ်ဆင်ပေးမှာပါ။ တချို့က အခုဆောင်နေတယ်ဆိုပေမယ့် မဆောင်တဲ့လက ၈လ၉လလောက် အနည်းဆုံးရှိကြသေးတယ်။ အဲ့တာမို့ ဖြတ်တာပါ”ဟု အဆင့် ၁ ရာထူးရှိ အမည်မဖော်လိုသူ EPCဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါ လုံခြုံရေးယူပေးနေသည့် လှိုင် EPC ရုံးမှ ဝန်ထမ်းများသည် ပါရမီကွန်ဒိုအိမ်ယာဝင်းအတွင်း ဝင်ရောက်စစ်ဆေး မီးဖြတ် တောက်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလ၊ဒုတိယအပတ်တွင်လည်း လှိုင် ၁၂ရပ်ကွက်အတွင်း ဝင်ရောက်ကာ မီတာဖတ်စစ်ဆေး၊ မီးဖြတ်တောက်ခြင်း များပြုခဲ့ ကြောင်း လှိုင်မြို့နယ်နေသူများက ပြောဆိုသည်။