By MPA
ကျောက်ဆည်မြို့တွင်ရှိသည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ နေအိမ်ဟောင်းစောင့် စစ်သား၃ဦး ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F)တပ်ဖွဲ့မှ ပြောသည်။
အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဗီဒီယိုနှင့်တကွ ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီနေ့မနက် ၁၁နာရီခွဲက ဆိုင်ကယ်နဲ့သွားခွဲတာပေါ့။ဂိတ်စောင့်ကစစ်ခွေး၃ကောင်ရှိတယ်။ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပါပြီ”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းဖောက်ခွဲမှုကြောင့် ဂိတ်စောင့်စစ်သား ၃ဦး သေဆုံးမှုရှိမရှိ အတိအကျမသိရှိ ရသေးကြောင်း နှင့် ကျောက်ဆည်မြို့အဝင်အထွက်လမ်းမကြီးကို ယာယီပိတ်ခြင်းနှင့် မြို့အတွင်းရှိလမ်းသွယ်များကို ပိတ်ဆို့စစ်ဆေးခြင်းများပြုခဲ့ကြောင်း ကျောက်ဆည် မြို့နေ ဒေသခံတစ်ဦးကပြောသည်။
“နိုင်ငံတော်ဧည့်ရိပ်သာထဲမှာဗုံးပေါက်တယ်ကြားတယ်။သေမသေတော့သေချာမသိဘူး။မြို့ထဲမှာ မနက်က စစ်ကားတွေဖြတ်ပြီး ခြေရှုပ်နေကြတယ်”ဟု ကျောက်ဆည်မြို့နေ ဒေသခံတစ်ဦးကပြောသည်။
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနေခဲ့သည့် ကျောက်ဆည်မြို့က အိမ်ရာကို နိုင်ငံတော် ဧည့်ရိပ်သာအဖြစ် ဖွင့်လှစ်ထားတာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ ၊နံနက်ပိုင်းကလည်း ပထမအကြိမ်ဗုံးပစ်တိုက်ခိုက်ခံခဲ့ပြီးဖြစ်ကြောင်း ကျောက် ဆည်မြို့နေ ဒေသခံများက ရှင်းပြသည်။
ယနေ့ ဗုံးဖောက်ခွဲခဲ့သည့် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့– KDDF အနေနှင့် ပြီးခဲ့သည့် ဧပြီလ ၁၉ရက်နေ့ကလည်း ကျောက်ဆည်အခြေစိုက် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များနှင့် ကျောက်ဆည်၊သံရွာနယ်မြေရဲစခန်းကို အီနာဂါဗုံးသီးများ ပစ်ခတ်ပြီး တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။
( Photo -K.D.D.F / ပုံစာ-K.D.D.Fတပ်ဖွဲ့မှ ဗုံးပစ်တိုက်ခိုက်ခဲ့သည့် ဂိတ်ပေါက်။ )