ဘားအံတက္ကသိုလ်မှကျောင်းသားကိုးဦးကို တစ်နှစ်နီးပါးဖမ်းဆီးပြီးမှ ထောင်ဒဏ်၁၂နှစ်အမိန့်ချကာ အကြမ်းဖက်စစ်ကောင်စီက အရေးယူခဲ့သည်။
ပြီးခဲ့သည့်၂၀၂၁ခုနှစ်၊မတ်လ ၂၈ရက်နေ့က ဘီးလင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ မတရားဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ကျောင်းသား ၉ဦးကို ယမန်နေ့ဖေဖော်ဝါရီလ၁၀ရက်နေ့က ဘားအံခရိုင်တရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့် ကျောင်း သားကိုးဦးဟာ စောမင်းစိုး(First Year သတ္တဗေဒ)၊မင်းသူအောင်(Second Year zoology)၊ အောင်ကျော်မင်း(Second Year Philosophy)၊ရဲထွဋ်ခေါင်(Second Year History)၊ စေမာန်မှူး(B.Sc Zoology)၊ ဇော်ဝင်းထွဋ် (Second Year Chemistry)၊ဟန်ဇော်မျိုး(First year Myanmar)၊ မျိုးမြန်မာအောင်(ပထမနှစ် သတ္တဗဒေ)နှင့် ချစ်ဝင်းထွန်း(First Year Zoology)တို့ဖြစ်ကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးကရှင်းပြပါသည်။
“ အားလုံးက တူညီပြစ်ဒဏ်တော့ဟုတ်မနေဘူး။တချို့က ၁၃နှစ်ချမှတ်ခံရတယ်။တချို့က ၁၂နှစ်ချခံရတယ်။တရားမဝင်ပို့ကုန်သွင်းကုန်သုံးစွဲမှုနဲ့ပါ မတရားအမှုတင်ခံရတယ်” ဟု ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးကရှင်းပြပါသည်။
ဘားအံခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့သည့် ယမန်နေ့ မနက်ပိုင်းက အမိန့်ချမှတ်မှုတွင် ဘားအံတက္ကသိုလ်မှ ကျောင်းသား၉ဦးနှင့်အတူ ကားမောင်းနှင်သည့် ကားဆရာ ဦးဝင်းကိုကိုလတ်ဆိုသူလည်း ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရကြောင်းသိရသည်။
“ သူတို့က မတရားဘူး။ကလေးတွေကိုဖမ်းထားတာ နှစ်ချီနေပြီ။အခုမှ အမိန့်ချတာ။ပြီးတော့ မတရားအမှုဆင်သေးတယ်။သေနတ်ကိုင်ပြီး အုပ်ချုပ်နေတဲ့ခေတ်မို့ ပြည်သူတွေကငြိမ်နေရတာ” ဟု ဘားအံမြို့မှာနေထိုင်သူတစ်ဦးကပြောပါသည်။
လက်ရှိမှာ အထက်ပါကျောင်းသားကိုးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(က)၊ ပုဒ်မ- ၁၂၄ (ဂ)၊တရားမဝင်ပို့ကုန်သွင်းကုန်သုံးစွဲမှုပုဒ်မ-၈ တို့ဖြင့် ထောင်ဒဏ် ၁၂ နှစ်နှင့် ၁၃ နှစ်စီအသီးသီးအမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။