တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်အတွင်း ပျောက်ဆုံးနေသည့် အမျိုးသား၃ဦးကို အထက်အောက်ဆင့်လျက် တစ်ကျင်းထဲ မြေမြှပ်သတ်ထားသည့် အနေအထားဖြင့်ပြန်လည်တွေ့ရှိခဲ့သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ရက်နေ့က လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအနီး ခြံဝန်းတစ်ခုထဲတွင် ပုပ်စော်နံပြင်းစွာထွက်ပေါ်နေကြောင်း ဒေသခံသွားလာသူများပြောဆိုချက်ကြောင့် ညင်းမော်ကျေးရွာက ရွာသူရွာသားများ သွားရောက်ရှာဖွေခဲ့ကြရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။
ယင်းနောက် ညင်းမော်ကျေးရွာအနီးရှိ ခြံဝန်းမြောက်ဘက်ခြမ်းတွင် မြေမြှပ်ထားသည့် အလောင်းသုံးလောင်းကို တွေ့ရှိခဲ့ရပြီး သေနတ်ဒဏ်ရာနှင့် ဓားဒဏ်ရာရရှိထားသည့် အမျိုးသားအလောင်းများဖြစ်ကြောင်း ညှင်းမော် ရွာသားတစ်ဦးပြောဆိုချက်အရ သိရသည်။
“ သူတို့ မအလတွေ စစ်ကြောင်းထိုးတဲ့အချိန်နဲ့တိုးပြီး ပစ္စည်းထမ်းဖို့ခေါ်သွားခံရတာ။ အလောင်းတွေကိုလဲ တစ်ယောက်နဲ့တစ်ယောက်ဆင့်ပြီး ပြီးစလွယ်မြုပ်သွားတာ။သေတာ ၈ရက်လောက်ရှိပြီထင်တယ်” ဟု ညှင်းမော် ရွာသားတစ်ဦးက ရှင်းပြသည်။
အထက်အောက်ဆင့်ပြီး တစုတစည်းတည်း မြေမြှပ်သတ်ခံထားရသည့် အမျိုးသား၃ဦးဟာ ဇန်နဝါရီလ နောက်ဆုံးအပတ်လောက်ကစတင်ပြီး ပျောက်ဆုံးနေသည့် ညင်းမော်ကျေးရွာ၊ စစ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာတို့မှာနေထိုင်ကြသည့် ရွာသားများဖြစ်သည်။
လက်ရှိမှာ မြေမြုပ်သတ်ခံထားရသည့် ရွာသားသုံးဦးကို ညှင်းမော်ရွာသူရွာသားများက ပြန်လည်တူးဖော်ပြီး ညင်းမော်ကျေးရွာ၊ စစ်ပြဲကျေးရွာရှိ နာရေးကူညီမှုအသင်းတို့မှ တာဝန်ယူ သဂြိုလ်ပေးခဲ့ပြီးဖြစ်ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။
#MPA #လောင်းလုံ #ပျောက်ဆုံး #ပြည်သူ #သတ်ဖြတ် #အကြမ်းဖက်စစ်ကောင်စီ