စစ်ကိုင်းမြို့၊ဧမြ၀တီရပ်ကွက်တွင်နေထိုင်သော ကြံ့ခိုင်ရေးပါတီ၀င် အမျိုးသားတစ်ဦး မန္တလေးမြို့၌ ဆိုင်ကယ်ရပ်မပေးသဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသိရသည်။
ပစ်သတ်ခံရသူမှာ ကိုငြိမ်းချမ်း၀င်း ဖြစ်ပြီး ပစ်သတ်ခံရစဉ် ၎င်း၏ ဆိုင်ကယ်၊ဖုန်းနှင့် ငွေများ မိသားစုမှပြန်လည်မရခဲ့ကြောင်း အလောင်းအား ဇန်နဝါရီ ၂၈ နံနက်ပိုင်းတွင် မန္တလေးမြို့၌ သဂြိုဟ်ခဲ့ကြောင်း သိရသည်။
” ၂၇ ရက်နေ့ည က မန္တလေးမှာပစ်သတ်ခံရတယ်။ ဆိုင်ကယ်ရပ်မပေးလို့ စစ်တပ်ကပစ်သတ်လိုက်တယ်လို့သိရတယ်။သေသွားသူရဲ့ယောက္ခမ က ကြံ့ခိုင်ရေးပါတီက။ သူလည်းပါတီ၀င်ထားတယ်လို့သိရတယ်၊ သူ့မိန်းမကကိုယ်၀န်ကြီးနဲ့ကျန်ခဲ့တယ်” ဟု ဧမြ၀တီရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောကြားသည်။
အကြမ်းဖက် စစ်တပ်၏ ပစ်သတ်မှုကြောင့်သေဆုံးသွားသူမှာ စစ်ကိုင်းမြို့၊ဧမြ၀တီရပ်ကွက် အနောက်ပိုင်းမှ ဆိုင်းမင်းသမီးတစ်ဦး၏ အမျိုးသားဖြစ် ပြီး အသက်၂၀ကျော်အရွယ်ဖြစ်သည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများသည် စစ်ကိုင်း၊မန္တလေး အစရှိသည့် မြန်မာပြည်အလယ်ပိုင်း မြို့ကြီးများ၌ အမျိုးသားနှစ်ဦး ဆိုင်ကယ်မောင်းနှင်ခြင်းများ အားပစ်သတ်ဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိရသည်။