နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ကို အကြမ်းဖက်စစ်ကောင်စီက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင် ၃ နှစ်ချလိုက်ကြောင်းကို ၄င်း၏ မိတ်ဆွေများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်တပ်က အာဏာသိမ်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးခဲ့သော်လည်း သက်တော်စောင့်များကိုတော့ နေပြည်တော်က ဝန်ထမ်းလိုင်းခန်းများတွင် စောင့်ကြည့်ကာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သက်တော်စောင့်တာဝန်ယူခဲ့သည့် ဒုရဲအုပ်ချယ်ရီထက်နှင့် အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်တို့ နှစ်ဦးအား စစ်တပ်မှ တပြိုင်တည်း အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းတို့၏ နီးစပ်သူတစ်ဦးက ပြောသည်။
“ရဲစည်းကမ်းထိန်းသိမ်းရေးနဲ့ ထောင်၃နှစ်ချလိုက်ပြီး ရမည်းသင်းထောင်ကို ဒီကနေပဲပို့လိုက်တယ် ” ဟု အမည်မဖော်လိုသူ ရဲအုပ်ပြည့်ဖြိုးနိုင်၏ မိတ်ဆွေတစ်ဦး ကပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ကို ဖမ်းဆီးခံရချိန်တွင် ဇနီးသည်နှင့် သမီးတစ်ယောက် ကျန်ရှိခဲ့သည်။
အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံ၏နေအိမ်သို့ လာရောက်သည့် စစ်သားများကို၀င်ရောက်ရန်အတွက် ဂိတ်တံခါးမဖွင့်ပေးသည့်အတွက် စစ်သားများက အုတ်တံတိုင်းဖြိုဖျက်ကာ အတင်း၀င်ရောက်ခဲ့သည့် အဖြစ်အပျက်များလည်းရှိခဲ့ကြောင်း နီးစပ်သူများ၏ ပြောပြချက်အရသိရသည်။
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းကို နယ်သာလန်နိုင်ငံ The Hague မြို့ကိုသွားရောက်ရင်ဆိုင်သည့်ခရီးစဥ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူလိုက်ပါခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးများတွင် ငယ်ရွယ်ပြီး ရုပ်ရည်ပြေပြစ်သည့် ဒုရဲအုပ်ချယ်ရီထက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များတွင် အမြဲလိုလိုတွေ့ရပြီး ရဲအုပ်ပြည့်ဖြိုးနိုင်မှာ လူသိနည်းသူတစ်ဦးဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနကအသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ဒုရဲအုပ် ချယ်ရီထက်ကို ရာဇသတ်ကြီးဥပေဒပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။