By MPA
(၂၀၂၁) ခုနှစ် နိုဝင်ဘာလတွင် ထားဝယ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဒုတိယ ဥက္ကဌဖြစ်သူမသိရီမိုးကို မတွေ့သည့်အတွက် ဖမ်းဆီး ထောင်ချခြင်းခံခဲ့ရသည့် မိခင်ဖြစ်သူသည် လက်ရှိအချိန်ထိမိသားစုနှင့် လူချင်းတွေ့ခွင့်မရသေးကြောင်း သိရသည်။
စစ်အာဏာရှင်စနစ် ပြုတ်ကျရေးလုပ်ငန်းများကြောင့် ဧပြီလအတွင်းကနိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ဝရမ်းထုတ်ခြင်းခံထားရသည့်ထားဝယ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဒုတိယဥက္ကဌ မသိရိမိုး၏ နေအိမ်သို့ အကြမ်းဖက် စစ်တပ်ကအရပ်ဝတ်ဖြင့် နေအိမ်အတွင်းမှ တန်ဖိုးကြီး ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ ကြသည်။
ထို့နောက် (၃) ရက်အကြာတွင် ညီမဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်းမိခင်ဖြစ်သူကိုမူ ဆက်လက် ဖမ်းဆီးထားပြီး နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲခဲ့ပြီး ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ထားဝယ်မြို့နယ် တရားရုံးက ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့ကာထားဝယ် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
ဖမ်းဆီးခံခဲ့ရပြီးချိန် မှစ၍ ထောင်ဒဏ်ကျခံရသည့် မသီရိမိုး၏မိခင်ဖြစ်သူသည် လက်ရှိအချိန်ထိ မိသားစုနှင့် လူချင်းတွေ့ခွင့်မရသေးပဲ ထောင်စာသာ ပို့ဆောင်ခွင့် ရရှိသေးသည်။
“စဖမ်းတဲ့ အချိန်မှာရော အခု ထောင်ထဲရောက်သွားတဲ့ အချိန်မှာရော အမေ့ကို မိသားစုဝင်တွေက လူချင်း တွေ့ခွင့်မရသေးပါဘူး။ စဖမ်းတဲ့အချိန်ကရော အမိန့်အချ မခံရခင်အချိန်မှာရော ကျမလာ အဖမ်းခံရင် အမေ့ကို ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောတာမျိုးရှိတယ်” ဟုမသီရိမိုးကပြောသည်။
အကြမ်းဖက်စစ်တပ်သည် ထားဝယ်မြို့နယ် အတွင်း နိုဝင်ဘာလတွင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ ခေါင်းဆောင်များ ၊သပိတ်စစ်ကြောင်း ဦးဆောင်သူများကို ရှာဖွေဖမ်းဆီးခြင်း၊ နောက်ယောင်ခံလိုက်၍ ဖမ်းဆီးခြင်းများ အပြင် ၎င်းတို့သွားရောက်ရှာဖွေသည့် အချိန်များတွင် အိမ်တွင်ရှိသည့်သူများကို ဖမ်းဆီးခြင်း နှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းများကို မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်ခဲ့သည်။
နေအိမ်သို့ လာရောက်ရှာဖွေခံရပြီး ၎င်းကိုမတွေ့သည့်အတွက် နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသူ ထားဝယ်ခရိုင် လူထုသပိတ်လှုပ်ရှားမှုသပိတ် ခေါင်းဆောင် ကိုဝေယံစိုးက ”နိုဝင်ဘာလမှာ စစ်တပ်က ကျနော်အိမ်ကို သွားတဲ့အချိန်မှာ လူလည်းမရှိဘူးဆိုတော့ အော်ခေါ်ကြတယ်။ ကျနော့် အိမ်နှစ်ခုလုံးကို ဝင်ပြီးတော့ မွှေသွားတယ်။ ပစ္စည်းတွေကိုဖျက်ဆီးတယ်။ တံခါးတွေကိုလည်း ပိတ်ကန်တယ်။ ပြီးတော့ပြန်သွားကြတယ်။ နောက်တစ်ခေါက်ပြန်လာတယ်။ အဲ့အချိန်မှာမီးရှို့တာပေါ့” ဟု ပြောသည်။
အကြမ်းဖက်စစ်တပ်၏ ယခုကဲ့သို့ ဖမ်းဆီးမည့်သူကို မတွေ့သည့်အတွက်မိခင်ဖြစ်သူကို ဖမ်းဆီး ထောင်ချခြင်းသည် တုန်လှုပ်စရာမရှိသည့် အပြင် မိခင်အပါအဝင် ဖမ်းဆီးခံရသူများ အားလုံး လွတ်မြောက်ရေးအတွက် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများ နှင့် အတူစစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းမသီရိမိုး ကပြော သည်။
“ဒီအချိန်မှာ တရားသူကြီး မဟုတ်တဲ့ စစ်ကောင်စီကပြောတဲ့ အတိုင်းလုပ်နေရတဲ့ စာတော်ဖတ်တွေက မတရားတဲ့ အမိန့်တွေချပြီး ထောင်ချနေပေမယ့် ဘာမှတုန်လှုပ်စရာ အကြောင်းမရှိပါဘူး” ဟု၎င်းကဆိုသည်။
အကြမ်းဖက်စစ်တပ်သည်အာဏာသိမ်းမှု ကျူးလွန်သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှု ကျူးလွန်ပြီးနောက်တွင် အရပ်သားနိုင်ငံ့ခေါင်းဆောင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ နှင့်အနုပညာရှင်များကို ဖမ်းထားခဲ့သည်။
နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)၏ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ နိုင်ငံ နှင့် အဝှမ်း ဖမ်းဆီးခံသူ (၁၁၂၈၉) ဦးရှိကြောင်း သတင်းထုတ်ပြန်ထားသည်။