By MPA
ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၌ ဒီဇင်ဘာလ၃၁ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း စစ်သား ၃၀ ဦးခန့် ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ကသတင်းထုတ်ပြန်ထားသည်။
ဒီးမော့ဆို ငွေတောင်ဆည်အနီးတွင် ကရင်နီတပ်မတော် (KA)၊ KNDF၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့်အကြမ်းဖက်စစ်တပ်တို့အကြားအပြန်အလှန် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ စစ်တပ်ဘက်မှ ကျဆုံးဒဏ်ရာရရှိသူများခဲ့ခြင်းဖြစ်သည်။
ဒီးမော့ဆိုမြို့နယ်မှဒေသခံတော်လှန်သမားတစ်ဦးက “မနေ့က လေယာဉ်နှစ်စီးဟက်စကီးတစင်းပါတယ်။ အဲ့ဒီလို ပစ်ခတ်တဲ့အတွက် ကျနော်တို့ ဘက်တော့၃ယောက်လောက်ဒဏ်ရာရတယ်။ တစ်ယောက်တော့စိုးရိမ်ရတဲ့အေနအထားတယ်။ သူတို့ဘက်ကတော့ ဒဏ်ရာရ၊ ထိခိုက်တာတော်တော်များတယ်” ဟုဆိုသည်။
တိုက်ပွဲအတွင်းအထိနာခဲ့သည့်စစ်တပ်သည့် မနေ့ညနေပိုင်းက လေကြောင်းအသုံးပြု၍တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ ဒီကောင်တွေက မြေပြင်မှာယှဉ်တိုက်ရင်မနိုင်ဘူး။ မနိုင်တော့လက်နက်ကြီးသုံးမယ်။နောက်ဆုံးလေကြောင်းသုံးမယ်ဒါပဲဒီကောင်တွေလုပ်တတ်တယ်” ဟုစစ်တပ်ကိုလက်နက်ကိုင်တိုက်ခိုက်နေသူတော်လှန်ရေးသမားတစ်ဦးကပြောသည်။
ထို့ပြင်ဒီဇင်ဘာလ၃၀ရက်နေ့လယ်ပိုင်းတွင်ဖရူဆိုမြို့နယ် ထီသော်တနီးကျေးရွာနှင့် လောတောတနောရွာအနီးတွင်လည်း အကြမ်းဖက်စစ်တပ်ကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှတိုက်ခိုက်ခဲ့ပြီး စစ်သားသုံးဦးသေဆုံးခဲ့ရသည်။
အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းမှုကို အစောဆုံး လက်နက်ကိုင် တော်လှန်ခဲ့သည့် ကယားပြည် နယ်တွင် မေလမှစ၍ လက်ရှိအချိန်ထိ ၈လကျော်နီးပါးကာလအတွင်း နေရပ်စွန့်ခွါပြီး စစ်ရှောင်ရသူ တစ်သိန်းကျော် ရှိနေပြီဖြစ်သည်။