By MPA
အကြမ်းဖက်စစ်တပ်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ဒီဇင်ဘာလ ၈ ရက် ယနေ့တွင် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသည့် ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မများနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်၏ ရှေ့နေက “သဘာဝဘေး ၂၅ အတွက် ထောင် ၂ နှစ် အဲဒီပုဒ်မ ၃၀ (က) အတွက် ထောင် ၁ နှစ် ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံစေလိုက်တာမို့ ထောင်(၂) နှစ် ချမှတ်လိုက်ပါတယ်။ ချုပ်ရက်ထုတ်နှုတ် ခံစားခွင့်ပြုလိုက်ပါတယ်” ဟု ပြောသည်။
ဆက်လက်ပြီး “ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အတွက်ထောင်(၂) နှစ်ချမှတ်လိုက်ပါတယ်။ အဲဒီ ၅၀၅ အမှု အတွက်တော့ ချုပ်ရက်ထုတ်နှုတ်ခံစားခွင့်မပြုတဲ့အပြင် ပြစ်ဒဏ်ကို သဘာဝပြစ်ဒဏ်ကျခံပြီးမှ ဆက် ကျခံရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆရာဇော် က ဒီနေ့ထောင်ဒဏ် ၄နှစ် စီရင်ချက်ချခံရပါတယ်” ဟု ၎င်းက ပြောသည်။
ဒေါက်တာဇော်မြင့်မောင်ကို အကြမ်းဖက်စစ်တပ်က အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) အပါအဝင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ စသည့် အမှု ၅ မှုဖြင့် တရားစွဲ ဆိုထားခြင်း ဖြစ်သည်။၏
အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း NLD ပါတီမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလက ကျုံးမြို့ရိုးဘေး ပြုလုပ်ခဲ့သည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ တဦးနှင့်တဦး အသိပေး၊ သတိပေး မိသားစုစီမံချက်ဖွင့်ပွဲကြောင့် သဘာဝဘေး ဥပဒေဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်သည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်မြင့်ကို ထောင်ဒဏ် ၄ နှစ်စီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား ထောင်ဒဏ် ၇၇ နှစ်၊ ကရင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကိုထောင်ဒဏ် ၉၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခံထားရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို တို့ကို ထောင်ဒဏ် ၂နှစ်စီ ချမှတ်ထားသည်။