စစ်ကိုင်းတိုင်း မြောင်မြို့နယ်သို့ ဝင်ထွက်သွားလာရာ ကားလမ်းကြောင်းနှင့်ရေလမ်းကြောင်းများတွင် စစ်ဆေး ရေးဂိတ်များ ထားရှိပြီး မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က ဦးဆောင်ပြီး စစ် ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြောင်မြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်သော နေရာများဖြစ်သည့် မြောင်မြို့အဝင်ဂိတ်ကို နတ်မြင်းဂိတ်၊ မြို့နယ်အရှေ့ဘက်ပိုင်းကို ‘မင်းယက္ခနှင့် ဆင်ရိုင်းဂိတ်’၊ အနောက်ဘက်ခြမ်းကို ‘ခြင်္သေ့မင်း’ဂိတ်နှင့် ချင်းတွင်း မြစ်ကြောင်းအဝင်ကို နှလုံးလှဂိတ်ဟု သတ်မှတ်ပြီး စစ်မှုများပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါစစ်ဆေးရေးဂိတ်များတွင် CDSOM အပါအဝင် မြောင်မြို့နယ်အတွင်းရှိ အဖွဲ့အစည်းများစုပေါင်း စစ် ဆေးမည်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်နှင့်ပတ်သက်ဆက်နွယ်သော ပစ္စည်းများကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရှိရသည်။
“အဓိကကတော့ အဲဒါတွေကိုသိမ်းပြီးရင် ပြည်သူ့ကာကွယ်ရေးအတွက်နဲ့ ပြည်သူတွေရဲ့ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားကြမယ်။ အဲ့တာကိုလက်မခံဘူးဆိုရင်တော့ အဲဒီမှာရှိတဲ့ဂိတ်မှူးတွေက အရေးယူမှုတွေ ဆောင်ရွက် သွားမှာပါ” ဟု CDSOMမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ဆေးမှုများကို ဒီဇင်ဘာလ၃ရက်ကတည်းက စတင်ခဲ့ပြီး မန္တလေးမှမုံရွာသို့ သယ်ယူပို့ဆောင်နေသော စစ်တပ် ပိုင် ရွှေဂျိုးဖြူဆီသင်္ဘောနှင့် ဘီအိုစီသင်္ဘောတို့ကို ချင်းတွင်းမြစ်ကြောင်းဂိတ်ဖြစ်သည့် ”နှလုံးလှ” ဂိတ်မှ ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
မြောင်မြို့နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခြင်း၊ ဒေသခံ လုံခြုံရေးဆောင်ရွက်ခြင်းအပြင် မြို့နယ်အတွင်းတွင် နယ်မြေစိုးမိုးရေးတွင် စစ်ဆေးအရေးယူမှုများ အထိ ဆောင်ရွက်နိုင်လာခြင်း ဖြစ်သည်။
CDSOMမှ တာဝန်ရှိသူက “ကျနော်တို့ရဲ့ လုပ်ဆောင်မှုတွေဆိုရင် ပြည်သူလူထုက ပူးပေါင်းကြတယ်။ ယုံကြည် ကြတယ်။ အဲဒါကြောင့် ခရီးသွားမယ်ဘာမယ်ဆိုရင် ကျနော်တို့ဆီကိုအကြောင်းကြတာမျိုးအထိ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာ ပါတယ်ဗျ” ဟု ဆိုသည်။
ထို့ပြင် မြောင်မြို့နယ်ဘက်မှထွက်လာသည့် ကားတစ်စီးကို ပြီးခဲ့သည့် ဒီဇင်ဘာလ၁ရက်နေ့က မြောင်ပြည်သူ့ လုံခြုံရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ မြောင်မြို့နယ်ရဲစခန်းမှ ကျောက်ရစ်ရဲစခန်းသို့ပစ္စည်းများ သယ်ယူပို့ဆောင်နေ သော ကားတစ်စီးဖြစ်နေသည့်အတွက် ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် မြောင်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်း အတွင်း၌ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိနေပြီး အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေး အဖွဲ့များအကြား စစ်ရေးအခြေအနေမှာတင်းမာနေသည်။
ထိုသို့တင်းမာမှုများရှိသော်လည်းစစ်ကိုင်းတိုင်း အချို့နေရာများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့် နယ်မြေအရ အသာစီးရယူနိုင်လျက်ရှိနေပြီး ပြည်သူလူထုကို အကြမ်းဖက်စစ်တပ်ရန်မှ အကာအကွယ်ပေးနိုင် လာသည့် အခြေအနေရှိပြီ ဖြစ်ကြောင်းဒေသခံကာကွယ်ရေးအဖွဲ့များ၏ ပြောပြချက်အရသိရှိရသည်။