ဆံတော်ရှင်ကျိုက်နဲ ရေလယ်ဘုရား နတ်လမ်းတွင် နိုဝင်ဘာလ ၂၁ ရက် နံနက် အစောပိုင်းက လှိုင်းပုတ်သဖြင့် လူ ၃၀ ဦး ထက်မနည်း ရေထဲပြုတ်ကျခဲ့ပြီး လက်ရှိအချိန်ထိ ၁၅ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်ကကျေးရွာနှင့် အံခဲကျေးရွာကြားရှိ ဆံတော်ရှင်ကျိုက်နဲ ရေလယ်ဘုရားပွဲ နောက်ဆုံးနေ့တွင် လာရောက်လည်ပတ်ကြစဉ် နတ်လမ်းတွင် လှိုင်းပုတ်ခံရပြီး မျောပါသေဆုံးခဲ့ရခြင်း ဖြစ်ပြီး ရုပ်အလောင်းများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
သွားရောက်ကူညီကယ်ဆယ်မှုများ ပြုလုပ်နေသည့် သုခမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “နံနက်၃နာရီ၊ ၄နာရီမှာ ဘုရားလမ်းပေါ်တယ်။ ရေတော့နည်းနည်းပါးပါးရှိမယ်။ ဒူးခေါင်းလောက်ဆိုရင်တော့ ဒီတိုင်းပဲသွားကြတာပေါ့။ ရေက ရင်ဘတ်လောက်ရောက်သွားချိန် အဲဒီမှာ လှိုင်းက ပုတ်လိုက် လူ၃၀လောက် မြုပ်သွားတယ်” ဟု ပြောသည်။
ကျိုက်နဲ ရေလယ်ဘုရားပွဲ နောက်ဆုံးနေ့ဖြစ်သည့်အပြင် ရုံးပိတ်ရက်ဖြစ်နေသဖြင့် လာရောက်သူများပြားခဲ့ခြင်း ကြောင့် လှိုင်းပုတ်ချိန်တွင် လူအများအပြားရေထဲ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါနတ်လမ်းမှာ ဘုရားပွဲရာသီရောက်မှသာလျှင် ပေါ်တတ်သောလမ်းဖြစ်သော်လည်း ရေတက်ရေကျပေါ် မူတည်ပြီး ရေရှိနေတတ်သည်။
လက်ရှိ နေ့လယ် ၁နာရီအထိ သေဆုံးသူ ၁၅ ဦး တွေ့ရှိထားပြီး ဆက်လက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိနေကာ သေဆုံးသူများကို သံဖြူဇရပ်ရှိ ဆေးရုံသို့ ပို့ဆောင်ထားသည်။
အသက်ရှင်နေသူများကိုလည်း ရှာဖွေတွေ့ရှိရသဖြင့် ဆက်လက်ရှာဖွေ နေဆဲဖြစ်ကြောင်း သိရသည်။
ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားပွဲကို နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော်၂ရက် ညနေပိုင်းမှ ၃ ရက်နေ့နံနက်အထိ ကျင်းပခြင်းဖြစ်သည်။
အလားတူပင် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ – စက်စဲကားလမ်းတွင်လည်း နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက ဘုရားဖူးကားတစ်စီး တိမ်းမှောက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့သေးသည်။