By MPA
မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင် အကြမ်းဖက်စစ်တပ်ဘက်က ရုရှားနိုင်ငံထုတ် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အသုံးပြု တိုက်ခိုက်သည့်တိုင် အကြမ်းဖက်စစ်တပ်မှ အကျအဆုံးများခဲ့ကြောင်း ဒေသခံပျောက်ကြားတပ်ဖွဲ့များထံမှ သိရသည်။
ဆောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်သားဦးရေ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်းဆော PDF က သတင်း ထုတ်ပြန်ထားသည်။
ဆောမြို့နယ်၊ တောမရွာနှင့် ကျင်းလိန်ရွာ ကြားတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (YDF) ၊ PDF- ဆော၊ CDF- မင်းတပ် နှင့် ကန်ပက်လက် ပူးပေါင်းအဖွဲ့တို့တိုက်ပွဲ ပြင်းထန် နေခြင်းဖြစ်ပြီး ဒေသခံအဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်သား၂၀ဦးထက် မနည်းသေဆုံးခဲ့ရ ကြောင်း သိရသည်။
“ မကွေးတိုင်းနှင့်ချင်းပြည်နယ်နယ်စပ်ကြားထဲမှာပေါ့နော်။ အဲ့ဒီမှာတိုက်ပွဲဖြစ်နေတာပေါ့။ အခုကတော့တိုက်ပွဲက ဖြစ်လိုက် နားလိုက်ပုံစံနဲ့ ဖြစ်တော့မဖြစ်တော့ပါဘူး။ ညဆိုတော့နည်းနည်းငြိမ်နေသေးတာပေါ့။ ဒါပေမယ့် နှစ်ဖက်ကတော့ အသင့်အနေအထားရှိနေတာပေါ့။ တိုက်ပွဲမှာစကစဘက်ကကျတဲ့သတင်းကမှန်ပါတယ်”ဟု CDFမှပြန်ကြားရေးတာဝန်ရှိသူက MPAသို့ပြောသည်။
အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ရုရှားလုပ် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များအသုံးပြုခဲ့ သည့်တိုင် အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင့် အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်မီဒီယာ အချို့တွင် လည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။
တပ်သားများထိခိုက်ဒဏ်ရာရှိမှုနှင့်ပတ်သက်ပြီး” ကျနော်တို့ဘက်ကထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ပတ်သက်ပြီးကျနော်တို့ဘက်အတည်ပြုတာတော့သေချာမရရှိနိုင်သေးဘူးတိုက်ပွဲဖြစ်နေတုန်းဆိုတော့ပြန်ဆုတ်ပြန်လုပ်လုပ်နေကြရတော့လေ” ဟုCDFမှတာဝန််ရှိသူကဆိုသည်။
အကြမ်းဖက်စစ်တပ်သည်ဒေသခံကာကွယ်ရေးအဖွဲ့မျးနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း Mi-35 လေယာဉ်ဖြင့် လေကြောင်းဖြင့်အင်အားပြပြီးဗုံးကြဲ တိုက်ခိုက်မှုအပြင် စက်သေနတ်များဖြင့် အသုံးပြုပြီး တိုက်ခိုက်မှုများပြုလုပ်ခဲ့သေးသည်။
ဟိုင်း (Hind) ခေါ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်အမျိုးအစား ဆိုဗီယက်ပညာရှင် မီခေးလ် လီယွန် နော့ ယက်ဗ်မေးလ်က ဒီဇိုင်းပုံစံ ရေးဆွဲထုတ်လုပ်တာ ဖြစ်ပြီး ရုရှားနိုင်ငံတွင်းတွင် Mil Mi-24 ဟုခေါ်ဝေါ်ပြီး ပြည်ပရောင်းချရာတွင်မူ Mi 35 ဟု ခေါ်ဝေါ်သည်။
အဆိုပါ ရဟတ်ယာဉ်များကို တင့်ကားပျံဟုလည်း နာမည်ပြောင် ပေးထားသည်။
စစ်သည် ၈ ဦး တင်ဆောင်နိုင်တဲ့ အလတ်စား ကိုယ်ထည်ဖြစ်ပြီး၊ ၁၂.၇ မမ လေယာဉ်ပစ် စက်သေနတ်ကြီးကျည် ထိမှန်လျှင် ဖောက်ထွင်းနိုင်မှု မရှိအောင် ကျည်ကာ သံမဏိပြားများဖြင့် တည်ဆောက်ထားသည့် အဆိုပါ ရဟတ်ယာဉ်ကို တိုက်ခိုက်ရေးအတွက်သာမက စစ်သည်များ လွယ်ကူလျင်မြန်စွာ ရွှေ့ပြောင်း သယ်ယူပို့ဆောင် နိုင်ရေးအတွက် မေးလ် မော်စကို ရဟတ်ယာဉ်စက်ရုံမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
Gun Ship ဟုခေါ်သည့် ၃၀ မမ အကြီးစား စက်အမြောက် ၂ လက်၊ S-5 ၊ S-8 နဲ့ S -24 ဒုံးကျည်များ တပ်ဆင်ပြီး ပေါင် ၂၅၀ မှ ပေါင် ၅၅၀ အထိရှိသည့် ဗုံးများလည်း တင်ဆောင်နိုင်သည့် တိုက်ခိုက်ရေးရဟတ်ယာဉ် စစ်စစ်များ ဖြစ်သည်။
အဆိုပါ တိုက်ခိုက်ရေးရဟတ်ယာဉ်များကို အသုံးပြုခဲ့သည့်အတိုင် ပြောက်ကျားစစ်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သဖြင့် အကြမ်းဖက်စစ်တပ်အထိနာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
“ ကျနော်တို့ဘက်က ပြောက်ကျားစစ်အနေအထားဆိုတော့ သူတို့ဘက်က အခက်အခဲတော့ရှိမှာပဲလေ။ အဲဒါ ကြောင့် အခု လေယာဉ်နဲ့ပဲ တိုက်တာပေါ့။ အဓိကကတော့ ကျနော်တို့ကို ခြိမ်းခြောက်တာပေါ့။ လေယာဉ်ကတော့ အင်အားပြတဲ့သဘောလို့ သုံးသပ်ချင်တယ်။ လေယာဉ်နဲ့တစ်ခါနှစ်ခါ ဗုံးကြဲတာတော့ရှိတာပေါ့” ဟု CDF တာဝန်ရှိသူက သုံးသပ်ပြောဆိုသည်။
အဆိုပါတိုက်ပွဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CDF) ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာ ရရှိထားပြီး PDF(ဆော)တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးထိမှန်၍ ကျဆုံးခဲ့ကြောင်း ဒေသခံအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။