By Ko Paing / MPA
တံတားမိုင်းခွဲခံရသဖြင့် ရပ်တန့်ထားသော မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်ကို မေလ၁၀ရက် တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်အပိုင် မော်လမြိုင်-ရန်ကုန်ရထားလမ်းပေါ်ရှိ တံတားတစ်စင်း မေလခြောက်ရက်တွင် မိုင်းခွဲခံရပြီး ပျက်စီးသွားခဲ့ရာ တံတားပြင်ဆင်မှုများ အပြီးသတ်တော့မည် ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက သတင်းထုတ်ပြန်သည်။
“အမှန်အတိုင်းပြောရရင် ဒီနေ့ခေတ်က ကားနဲ့ ခရီးသွားရင် စခတွေက ဟိုစစ်ဒီစစ်၊မထင်ရင် ဖမ်းပြီး ငွေညှစ်တာကို ခရီးသည်တွေ ခံရတယ်။ဘာမှမဖြစ်ဘူးဆိုတောင် အနည်းဆုံးက စခ တွေ စစ်လား ဆေးလားနဲ့ ကားတွေ အကြာကြီး တန်းစီစောင့်ရတာမျိုးရှိတယ်။အဲဒါကြောင့် ပြည်သူတွေရထားစီး ကြတာ။ကျတော်ဆို ဒီကောင်(စစ်သား)တွေ မျက်ခွက်ကို မကြည့်ချင်လို့ ရန်ကုန်သွားရင် အတတ်နိုင် ဆုံး ရထားပဲစီးတယ်”ဟု သထုံမြို့နယ်၊ကျိုက္ကော်မြို့နေ ပြည်သူတစ်ဦး ကMPAသို့ပြောသည်။
မေလ၁၀ရက်တွင် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ်၈၂ အစုန်ရထားကို လေအိတ်ရထား တွဲဆိုင်းဖြင့် ပြေးဆွဲမည်ဟု မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်သည်။
မေလ၁၀ရက်တွင် ရန်ကုန်မှ မော်လမြိုင်သို့ ရထားပြေးဆွဲခြင်းရှိ၊မရှိကိုမူ ထုတ်ပြန်ထားခြင်းမရှိသေး ပေ။
ဘီးလင်းမြို့နယ်၊နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာကြားရှိ ပေ၈၀ရထားလမ်းတံတားတစ်စင်း (တံတားအမှတ်၆၅) မိုင်းခွဲခံရသဖြင့် ရထားခရီးစဉ်များကို ယင်းနေ့မှစတင်ကာ ဖျက်သိမ်းခဲ့သည်။
ကျိုက္ကော်မြို့မှ ဘီးလင်းဘက်သို့အထွက် မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား မေလသုံးရက် ညသန်းခေါင်အချိန်၌ မိုင်းခွဲခံခဲ့ရပြီးနောက်ယင်းတံတားကို စစ်ကောင်စီက ပြင်ဆင်ခဲ့ရာ မေလလေးရက် ညနေပိုင်း၌ ကားများ ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်သည်။