By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် သွားလာနေသော ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၃၀ရက်၊ ညနေ လေးနာရီခွဲခန့်တွင် ချောင်းဦးမြို့ပေါ် ဟန်နီလမ်းထိပ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး စစ်ဆေးရေးပြုလုပ်နေစဉ် ဖြတ်သန်းသွားလာသည့် အမျိုးသားတစ်ဦးအား ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦးမြို့နယ်ပကဖ ထံမှသိရသည်။
” ချောင်းဦးမြို့ရဲ့ လုံခြုံရေးအရလို့ယူဆလို့ရတယ်။ သူတို့ မသင်္ကာရင်ပစ်တာပဲ။
မြို့နဲ့ကပ်လျက်က ပြည်သူဗျ။ မြို့နဲ့အနီးဆုံးကရွာတစ်ရွာကဗျ” ဟု ချောင်းဦးမြို့နယ်ပကဖ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
သေဆုံးပြည်သူ၏ ရုပ်အလောင်းကို စစ်တပ်က ပြန်မပေးကြောင်း သိရသည်။
ဧပြီ ၃၀ရက်၊ နံနက်ပိုင်း ၈နာရီ ၄၅မိနစ်ခန့်ကလည်း မုံရွာနှင့် ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများမှ ပူးပေါင်းအင်အားအများအပြားသည် လုံခြုံရေးအကြောင်းပြချက်ဖြင့် ချောင်းဦးမြို့နှင့် နှစ်မိုင်အကွာ၊မုံရွာ-မန္တလေးလမ်းမကြီးဘေးရှိ ငါးယှန်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရသည်။
” သူတို့ လမ်းကြောင်းဖြတ်တဲ့အခါမှာ အရင်လိုမဟုတ်တော့ဘူးဗျ။ အင်အား အလုံးအရင်းနဲ့ နီးစပ်ရာအထိုင်စခန်းတွေကနေ လုံခြုံရေးအရ သူတို့လိုအပ်မယ်ထင်တဲ့နေရာတွေ အင်အားတိုးတိုးချတာ။ အဲ့လိုစုဖွဲ့မှု စစ်ကြောင်းက ရှို့သွားတာဗျ။ ရှို့သွားတာ ငါးယှန်ရွာနဲ့ ရွာချင်းကပ်ပေါ့ဗျာ။ ကွက်သစ်ပုံစံမျိုး။ ငါးယှန်အပိုင်ထဲပဲ။ လမ်းကြောင်းလုံခြုံရေးအရ နယ်မြေရှင်းတဲ့သဘောပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းမီးရှို့ဖျက်ဆီးမှုကြောင့် အိမ် ၂၅လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (မေလတစ်ရက်) နံနက်ပိုင်းတွင် အင်အား အများအပြားဖြင့် ချောင်းဦး-မြင်းမူအစပ်၌ ရောက်ရှိနေပြီး စစ်ကြောင်းထိုးနိုင်သည့် အနေအထားရှိသဖြင့် အနီးရှိပြည်သူများမှာ သတိနှင့်နေထိုင်နေရကြောင်း သိရသည်။
စာတည်း-ML