By Sayar Ngaat/ MPA
မြေလတ်အသံသတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မများတပ်ကာ ထောင်ဒဏ် ၅နှစ်ချမှတ်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီ သုံးရက်က စစ်ကောင်စီသည် ကိုသန်းထိုက်မြင့်ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)ဖြင့် မြန်အောင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ကြောင်း ကိုသန်းထိုက်မြင့်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” ပုဒ်မ ၅၂ က နဲ့ ၅နှစ် ချလိုက်တာပါ၊ ဖုန်းထဲမှာ PDFတွေကို ဆက်သွယ်ထားတာတွေ့လို့ အခုလို အကြမ်းဖက်ပုဒ်မ အတပ်ခံရတာ၊ လက်ရှိကတော့ ဟင်္သာတအကျဉ်းထောင်မှာပါ ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ကိုသန်းထိုက်မြင့်ကို ယမန်နှစ်(၂၀၂၄ခုနှစ်)၊ ဖေဖော်ဝါရီ ၆ရက်က ဧရာဝတီတိုင်း၊ အင်ပင်မြို့ရှိ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မြန်အောင်အခြေစိုက် ခလရ ၅၁ တပ် စစ်ကြောရေး၌ ၇ရက်ခန့် ရိုက်နှက်စစ်ဆေးခံခဲ့ရပြီးနောက် နှစ်လအကြာအတွင် ယခုကဲ့သို့ အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူက ဆက်လက် ရှင်းပြသည်။
ကိုသန်းထိုက်မြင့်သည် ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် သတင်းများရေးသားနေစဉ် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃နှစ်ချမှတ်ခံခဲ့ရကာ ၂၀၂၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့ကာ ယခုအခါ ဒုတိယအကြိမ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
” ပြည်တွင်းမှာ သတင်းသမားတွေရဲ့ လုံခြုံရေးက ဘယ်လိုမှ အခြေအနေမကောင်းဘူး။ ကျတော်တို့ဆို တစ်နေရာကနေ တစ်နေရာသွားရင် ဒေတာတွေကို တော်တော် လုံခြုံရေးဂရုစိုက်ရတယ်။ ကျတော်တို့သာ သတင်းတွေ မရေးတော့ရင် ပြည်သူတွေ မြေပြင်သတင်းမှန်သိရဖို့ အတော် ခက်ခဲနိုင်တာပေါ့၊ အဲ့ဒါကြောင့်မို့ အန္တရာယ်များပေမဲ့ ဆက်ပြီး လုပ်နေရတာပါပဲ ” ဟု ပြည်တွင်းမှ သတင်းထောက်တစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် သတင်းသမားများကို ပစ်မှတ်ထားကာ ဖမ်းဆီးနေပြီး သတင်းရေးသားခြင်းသည် ပြစ်မှုကျူးလွန်ခြင်း မဟုတ်သည့် အတွက် ဖမ်းဆီးပိုင်ခွင့်မရှိကြောင်း ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်း ရှောင်နေသည့် အလွတ်တမ်းသတင်းထောက်တစ်ဦးက ပြောသည်။
” သတင်းသမားရဲ့အလုပ်က သတင်းရေးတာပဲလေ၊ သတင်းရေးတာက ရာဇဝတ်မှု ကျူးလွန် နေတာမှ မဟုတ်ဘဲ၊ အဲဒါကို အကြမ်းဖက်ပုဒ်မတွေတပ်ပြီး ဖမ်းဆီးထောင်ချနေတဲ့ အပေါ် ပြင်းပြင်းထန်ထန်ကို ရှုတ်ချပါတယ် ” ဟု ၎င်းက ပြောသည်။
လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ကလည်း သတင်းသမားများအပေါ် နှစ်ရှည် ထောင်ဒဏ်များချမှတ်ခြင်းဖြစ်ရပ်အား ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချထားပြီး သတင်းမီဒီယာသမားများအပေါ် ကျူးလွန်သည့် ပြစ်မှုတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း ယနေ့ (ဧပြီလ ၃၀ရက်) ထုတ်ပြန်ထားသည်။
စစ်ကောင်စီအာဏာသိမ်းခဲ့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အချိန်အထိ သတင်းသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ကာ လက်ရှိအချိန်အထိ သတင်းသမား ၄၇ ဦးကို အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးထားဆဲဖြစ်ကြောင်း IMJA ၏ စာရင်းများအရ သိရသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ ညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် အဆင့် ၁၇၁ ၌ ရှိကြောင်း သိရသည်။