By Bala / MPA
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ပေါ်တွင် PDF ရဲဘော်တစ်ဦးအား ဆွဲကြိုးချအနေအထားဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
ယနေ့(ဧပြီ ၃၀ရက်) ၊ နံနက် တစ်နာရီ ၂၀မိနစ်ဝန်းကျင်က အမည်မသိအမျိုးသားတစ်ဦးအား ဒေသခံများမှ ဒီးမော့ဆိုမြို့ပေါ်၊ မြောင်းအောက်ရပ်ကွက်ရှိ ချောင်းငယ်နံဘေးတွင် ဆွဲကြိုးချအနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)၏ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
“ခြံပိုင်ရှင်က ခြံထဲလာရင်းနဲ့ လူငယ်တစ်ဦး ဆွဲကြိုးချသေနေတာတွေ့တယ်လို့ လာပြီးသတင်းပေးတာပေါ့၊ သေဆုံးသူအနီးဝန်းကျင်မှာတော့ သောက်လက်စအရက်ပုလင်းနဲ့ အမြည်းတွေတွေ့တယ်။ သေဆုံးသူနဲ့ပတ်သက်တဲ့စစ်ဆေးချက်တွေကိုတော့ ကျတော်တို့ရဲ့တာဝန်ရှိသူက ဖြေပေးပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။
ယနေ့မနက်ကတွေ့ရှိခဲ့သည့် အမည်မသိအမျိုးသားသည် လွိုင်လင်ဇာတိဖြစ်ပြီး အသက် ၂၅နှစ်အရွယ်၊ သာလှိုင်ဆိုသူဖြစ်ကာ အလယ်ပိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အမှတ် ၁၁၀၉မှ ရဲဘော်တစ်ဦးဖြစ်ကြောင်း သေဆုံးသူနှင့်ရင်းနှီးသည့် အမှတ် ၁၁၀၉မှ ရဲဘော်တစ်ဦးက ပြောသည်။
“သူက PDF ၁၁၀၉က ရဲဘော်ပါ။ လတ်တလောတော့ မိသားစုစားဝတ်နေရေးမပြေလည်လို့ ၄မိုင်က “ကိုတုံ”ဆိုင်ကယ်ဆိုင်မှာ ပညာသင်ရင်း အလုပ်ဝင်လုပ်နေတာ။ အရမ်းလည်းအေးတော့ လူချစ်လူခင်များပါတယ်။ ရန်ငြိုးရန်စရှိတယ်လို့လဲမကြားမိဘူး”ဟု ၎င်းကပြောသည်။
သေဆုံးလျက်တွေ့ရှိခဲ့သည့် ရဲဘော်နှင့် နီးစပ်ရင်းနှီးသည့် သူငယ်ချင်းများအား MPAက မေးမြန်းရာ ဆွဲကြိုးချသေဆုံးခြင်း မဖြစ်နိုင်ကြောင်းနှင့် တစုံတစ်ဦးမှ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ကာ ဆွဲကြိုးချအနေအထားပြောင်းလဲထားခြင်းဖြစ်နိုင်သည်ဟု MPAသို့ပြောသည်။
“သူ့မှာက ရည်းစားလဲမရှိဘူး။ အနေလဲအရမ်းအေးတဲ့သူပါ၊ မနေ့ညကတောင် သူ့သူငယ်ချင်းမိန်းမခိုးပြေးလို့ သူသွားတွေ့သေးတယ်။ ည၁၀နာရီလောက်မှာ “ကိုတုံ”ဆိုင်ကယ်ပြင်ဆိုင်ကို ပြန်လာပြီးအိပ်တယ်။ မနက်ရောက်တော့ ဆိုင်ကကောင်လေးကို ရွှေကယန်းဆီဆိုင်ကို ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းတယ်။ ကားလာခေါ်မယ်လို့ပြောတယ်။ ဘာကားနဲ့လဲဆိုတာတော့ ကောင်လေးက မတွေ့လိုက်ဘူး။ သွားပဲပို့ပြီး ပြန်လာလိုက်တာဆိုတော့၊ သူ့မှာဘာစိတ်ညစ်စရာမှမရှိဘူး အသတ်ခံရတာပါ”ဟု ၎င်း ကပြောသည်။
လက်ရှိတွင် သေဆုံးPDFရဲဘော်၏ အလောင်းအား သက်ဆိုင်သူများမှ နေအိမ်ထံပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။