By Zwe Ko /MPA
ပဲခူးတိုင်း၊ မင်းလှမြို့နယ်နှင့် ဖြူးမြို့နယ်တို့တွင် စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လေကြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့မှုကြောင့် ပြည်သူ ကိုးဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာအတွင်း ကျန်ရှိခဲ့သည့် အိမ်စောင့်အမျိုးသားများနှင့် အမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆားချောင်းကျေးရွာမှ လွတ်မြောက်လာသည့် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
“ အကိုတို့ ရွာက ထွက်လာတာ ၂၂ရက်နေ့ကတည်းက၊ တချို့ကြတော့လည်း မိသားစုလိုက် ပြောင်းလားတာ၊ တချို့ကြတော့ အိမ်မှာ နွားတွေ၊ ဝက်တွေ၊ ပဲ ၊ စပါးတွေ ရှိနေတော့ စိတ်မချလို့ အိမ်စောင့်ထားခဲ့တာ၊ အဲ့ဒါကို စစ်တပ်က ရွာထဲရောက်လာပြီး အကုန်ဖမ်းသွားတယ်။ ရွာမှာတင် အသတ်ခံရတာ အမျိုးသားနှစ်ယောက်၊ နောက်အမျိုးသား သုံးယောက်ကိုလည်း ဖမ်းသွားတာ သတင်းပျောက်နေတယ်။ သတ်ပစ်လိုက်ပြီလို့ကြားတယ် ” ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဆားချောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားပြီး ကျေးရွာ၌ ကျန်ရှိခဲ့သည့် အမျိုးသမီးများကို ဖမ်းဆီးထားကာ ထမင်းချုပ်ပြုတ်ကျွေးမွေးခိုင်းထားကြောင်း အဆိုပါကျေးရွာ ဒေသခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ စစ်ကြောင်းဝင်လာတော့ ရွာမှာ တိုက်ပွဲကဖြစ်သေးတယ်။ နာရီဝက်လောက်တော့ကြာတယ်။ PDF တွေကတော့ နောက်ဆုတ်သွားတယ်။စစ်တပ်က ရွာမှာ တပ်စွဲထားပြီး အမျိုးသမီးတွေကို ထမင်းချက်ခိုင်းတယ်။ ရွာကထွက်ခွင့် မပေးဘူး ” ဟု ၎င်းက ရှင်းပြသည်။


ထို့ပြင် ယနေ့(ဧပြီ ၂၈ရက်) နေ့လယ်ပိုင်းကလည်း မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာကို စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိဖြင့် လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ လေယာဉ်တွေနဲ့ ဗုံးကြဲလိုက်၊ စက်သေနတ်တွေနဲ့ လေယာဉ်ပေါ်က ပစ်လိုက်လုပ်နေတယ်။ လက်နက်ကြီးကတော့ တိုက်ပွဲစဖြစ်တဲ့နေ့ ဧပြီ ၂၂ရက်ကတည်းက ပစ်နေတာ၊ ရွာထဲကျတာတွေလည်းရှိတယ်။ အခုကနေတဲ့လက်နက်ကြီးက လူထိတာ၊ တစ်ယောက်ကသေသွားတယ်။ နှစ်ယောက်ဒဏ်ရာပြင်းထန်တယ်။ ရွာသားတော်တော်များများက ပြေးကုန်ကြပြီ၊ အနည်းငယ်လောက်ပဲရွာထဲရှိတော့တာ ” ဟု အထက်ပါ အမျိုးသားက ပြောသည်။
ယင်းအပြင် စစ်ကောင်စီက ယနေ့(ဧပြီ ၂၈ရက်)၊ နံနက် ၁၀နာရီ ဝန်းကျင်ခန့်က ဖြူးမြို့နယ်၊ ကညင်ဒိုင်းကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦးသေဆုံးခဲ့ကြောင်း အဆိုပါကျေးရွာမှ အမျိုးသားတစ်ဦးကပြောသည်။
“ တိုက်ပွဲမရှိဘဲနဲ့ကြဲသွားတာ၊ ရွာထဲ ဗုံးလေးလုံကျတာ၊ အမျိုးသမီးနှစ်ယောက်၊ အမျိုးသားတစ်ယောက်သေသွားတယ်။ အိမ် ငါးလုံးလောက်လည်း ပျက်စီးသွားတယ်။ ရွာသားတွေလည်း ထွက်ပြေးနေရတယ် ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ရက်မှ စတင်ကာ မင်းလှမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လေးကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ကာ၊ စစ်ကောင်စီဘက်မှ ၂၀ဦးခန့်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။
ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီက လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ရာတွင် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာများကိုလည်း ဗုံးကြဲနေခြင်းကြောင့် ကျေးရွာ ၂၀ခန့်မှ ပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ စစ်ကောင်စီတပ်သည် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တပ်စွဲထားကာ ပြန်လည်ဆုတ်ခွာသေးခြင်းမရှိသောကြောင့် တိုက်ပွဲများထပ်မံဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများ ဂရုစိုက်နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက နှိုးဆော်ထားသည်။