By Hsu Yee / MPA
မလေးရှားနိုင်ငံ၏ ယာယီအခမဲ့ဆေးရုံကို စစ်ကောင်စီသဘောတူသည့် စစ်ကိုင်းမြို့ပေါ်တွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း NUG အစိုးရထံမှ သိရသည်။
ယင်းဆေးရုံကို စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ နှစ် ၇၀၀ ပြည့်အထိမ်းအမှတ်အားကစားကွင်းတွင် ဖွင့်လှစ် လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံရုံးက ဧပြီ ၂၅ ရက်၌ ထုတ်ပြန်ခဲ့ပြီး ယင်းနေရာသည် စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်ကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။
“အဓိက ကတော့ မလေးရှားက ဖွင့်လှစ်တဲ့ field hospital ကို စစ်ကိုင်းဒေသထဲမှာ ဖွင့်လှစ်ဖို့ ပထမဆုံး အဆိုပြုတာဖြစ်ပါတယ်။ ကျမတို့စိုးမိုးထိန်းချုပ်ဒေသမှာလုပ်မယ်ဆိုရင် ကျမတို့ရဲ့လုံခြုံ ရေးနဲ့ သဘောထားကို မေးခဲ့တာရှိတယ်။ အဲ့တာကတော့ initial ပိုင်းပေါ့လေ။ကျမတို့က လည်း ဒီလိုမျိုးကူညီဆောင်ရွက်မယ့်ကိစ္စကို ကြိုဆိုတယ်။ တကယ်လို့ လုပ်ဖြစ်ခဲ့မယ်ဆိုရင် ကျမတို့ပူးပေါင်း ဆောင်ရွက်မယ်ဆိုတာကို အကြောင်းပြန်ပြီးဆွေးနွေးခဲ့တာရှိပါတယ်။တစ်ဖက်မှာကျ တော့ ဆေးရုံ ပစ္စည်းတွေ၊ မလေးရှားက ဆရာဝန်တွေရော၊ ဆေးပစ္စည်းတွေရော တစ်စုံလုံးလာမှာဖြစ်တဲ့အတွက် တစ်ဖက်မှာကျတော့လည်း စစ်ကောင်စီနဲ့ပြောရတဲ့အနေအထားတွေရှိတယ်။ နောက်ဆုံး ဆုံးဖြတ် ချက်ချလိုက်တဲ့အနေအထားကတော့ စစ်ကိုင်းထဲမှာတော့ဟုတ်တယ်။ ဒါပေမဲ့၊ မူလပြောထားတဲ့နေ ရာမှာမဟုတ်ဘဲနဲ့ စစ်ကောင်စီဘက်ကလည်း သဘောတူတဲ့နေရာမှာပဲ သူတို့ဖွင့်လှစ်လိုက်ရတဲ့ သဘောတော့ဖြစ်သွားတယ်”NUGအစိုးရ၊နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က MPA သို့ ပြောသည်။
မလေးရှားနိုင်ငံအနေဖြင့် တော်လှန်ရေး အင်အားစု စိုးမိုးထိန်းချုပ်နယ်မြေများတွင် ယာယီအခမဲ့ ဆေးရုံ ဖွင့်လှစ်ခြင်းမရှိသေးကြောင်းနှင့် လတ်တလောတွင် ဖွင့်လှစ်ရန် ကြိုးပမ်းနေမှုများလည်း မရှိကြောင်း S&C အဖွဲ့ထံမှ သိရသည်။
“အဓိကကတော့ ကျမတို့အနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်။ တော်လှန်ရေးစိုးမိုး ထိန်းချုပ်ဒေသတွေမှာလည်း ဆေးရုံတွေဖွင့်လှစ်မှာဖြစ်ပြီး၊ ပူးပေါင်းဆောင်ရွက်မှုေတွက အဆင် သင့်ရှိတယ်။ ဒါပေမဲ့၊ စစ်ကောင်စီနဲ့ သွားဆွေးနွေးပြီးမှ လုပ်မယ်ဆိုရင်တော့ အကူအညီပေးလိုတဲ့ နိုင်ငံတွေက compromised လုပ်လိုက်ရတာတွေ ဖြစ်ဖြစ်သွားတတ်တော့ အဲ့ဒါက အဓိကစိန်ခေါ်မှု လို့ပဲ ကျမတို့ပြောရမှာဖြစ်ပါတယ်”ဟု ဒေါ်ဇင်မာအောင်က ဆက်လက်ပြောသည်။
လက်ရှိအာဆီယံဥက္ကဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ဧပြီ၁၇ရက်တွင် ဘန်ကောက်မြို့၌ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး ယာယီဆေးရုံဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံကို ပုံမှန် အ ခြေအနေပြန်ရောက်အောင်လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။
ယာယီဆေးရုံနှင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို မလေးရှားနိုင်ငံက ငလျင် ဘေးသင့်ဒေသတိုင်းကို ပေးချင်သော်လည်း စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်နယ်မြေမဟုတ်လျှင် လက်မခံနိုင်ဖြစ်နေကြောင်းထို့ကြောင့် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် မလေးရှားဝန်ကြီးချုပ်က ငလျင်ဘေးသင့်ပြည်သူတိုင်းကို အကူအညီပေးရေးနှင့်ပတ်သက်ပြီး လက်ခံရန် ပြောကြားခဲ့ကြောင်း မလေးရှားအစိုးရနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောသည်ဟု ဘီဘီစီက ဖော်ပြသည်။
ယာယီအခမဲ့ဆေးရုံကို သောကြာနေ့မှလွဲ၍ နေ့စဉ် နံနက်ရှစ်နာရီမှ ညနေ ငါးနာရီအထိဖွင့်လှစ်ထား ပြီး သားဖွားမီးယပ်၊ဖျားနာ၊ခွဲစိတ်ကုသ၊ အရိုးအကြော၊ ကလေးကျန်းမာရေး၊သွားနှင့်ခံတွင်း၊ နား၊နှာ ခေါင်း၊လည်ချောင်းနှင့် မျက်စိရောဂါများကို အခမဲ့ကုသပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာမလေးရှား သံရုံးက ထုတ်ပြန်ထားသည်။