By Nway / MPA
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို ဧပြီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီတစ်ရက်မှ ၂၇ ရက်အတွင်း စဉ့်ကူးမြို့ပေါ်ကို ခြောက်ကြိမ်နှင့်မြို့နယ်အတွင်း ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
” စဉ့်ကူးက စစ်ကောင်စီကလည်း တစ်ယောက်မှမရှိတော့ဘူးဆိုတော့ ဒီဘက်က ( တော်လှန်ရေးအင်အားစုများ ) စိုးမိုးနယ် မြေဖြစ်သွားလို့ ဆက်တိုက် လေကြောင်း တိုက်ခိုက်တာလို့ ထင်ပါတယ် ” ဟုပြင်ဦးလွင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။




စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စဉ့်ကူးမြို့နယ်အတွင်းရှိ ပြည်သူများကို လေကြောင်းရန်ကာကွယ်ရေး ပညာပေးမှုများ လုပ်ဆောင်နေပြီး နေအိမ်များ၌ ဗုံးခိုကျင်းများ တူးထားကြောင်း သိရသည်။
” ဗုံးခိုကျင်းတွေကတော့ အိမ်တိုင်းတူးထားပါတယ်။ လေကြောင်းရန်အသိပေးတာတွေလည်း လုပ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဧပြီ ၂၇ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က စဉ့်ကူးမြို့ပေါ်ရှိ အထကကျောင်းအရှေ့ဘက်နှင့် မဟာဝေယံဘုံသာ ဘုန်းကြီးကျောင်း မြောက်ဘက်တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အဆောက်အအုံများ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇ ရက်ကတည်းက စဉ့်ကူးမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးအင်အားစုတို့က သိမ်းပိုက်ထားခဲ့ပြီး ယခုထိတိုင် စစ်ကောင်စီကင်းစင်နေသော မြို့ဖြစ်သည်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ နှစ်ရက်မှ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ပထမအကြိမ်ထုတ်ပြန်ပြီးနောက် ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ ထပ်မံသက်တမ်းတိုးကြောင်း ကြေညာထားသည်။