By Than Lyan / MPA [ Photo Story]
မတ် ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၇ဒဿမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြီး(စစ်ကောင်စီခေါ် မန္တလေးငလျင်)လှုပ်ခတ်ခဲ့ပေသည်။
အဆိုပါငလျင်ကြောင့် မြန်မာနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်လည်း ငလျင်သက်ရောက်မှုများရှိခဲ့ပြီး လူအသေအပျောက်များလည်းရှိခဲ့ပေသည်။
အင်အားအလွန်ပြင်းသည့် ငလျင်ကြီးကြောင့် မြန်မာနိုင်ငံ၌ လူပေါင်း လေးထောင်ကျော်သေဆုံးခဲ့သည်ဟု လွတ်လပ်သည့် သတင်းဌာနများက ဖော်ပြထားသော်လည်း စစ်ကောင်စီ၏ ၂၀၂၅ခုနှစ်၊ ဧပြီ ၂၅ရက်ထုတ်ပြန်ချက်တွင် သေဆုံးသူဦးရေသည် ၃၇၃၇ ဦးသာရှိသည်ဟု ဖော်ပြထားပေသည်။






လူသေဆုံးမှုများအပြင် ပြန်မရနိုင်တော့သည့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံပျက်စီးမှုများရှိခဲ့ပေသည်။ စစ်ကောင်စီ ကောက်ယူထားသည့် စာရင်းများအရ ဘုရားစေတီ ၆၀၃၁ဆူ၊ ဘာသာရေးအဆောက်အအုံ ၅၀၉၃လုံး၊ ရုံးအဆောက်အအုံ ၅၀၃၃လုံး၊ ကျောင်း ၂၂၇၇ ကျောင်း၊ ဆေးရုံဆေးခန်း ၆၄၀ ပျက်စီးခဲ့ရသည်။
ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရှုံး ( UNOCHA )၏ စာရင်းကောက်ယူမှုအရ ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရသည့် လူဦးရေ ကိုးသန်းကျော်ရှိသည်ဟု ဆိုသော်လည်း စစ်ကောင်စီက ဖွဲ့စည်းထားသည့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန(DMC) စာရင်းတွင် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ခု၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အိမ်ထောင်စု ၁၂၈,၉၆၅ စု၊ လူဦးရေ ၆၂၉,၂၀၆ ဦးသာ ငလျင်ဘေးကြုံတွေ့ခဲ့ရသည်ဟု ဆိုထားသည်။
ငလျင်ကြီးကြောင့် ပြည်နယ်နှင့် တိုင်း ၁၀ ခုတွင် ထိခိုက်ပျက်စီးမှုများကြုံတွေ့ခဲ့ရသော်လည်း အဆိုးရွားဆုံး ခံစားခဲ့ရသည်မှာ စစ်ကိုင်း နှင့် မန္တလေးတို့ဖြစ်သည်။
လွတ်လပ်သည့် သတင်းမီဒီယာများတွင် ဖော်ပြထားသည့် အချက်အလက်အရ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ လေးထောင်ကျော်အနက် မန္တလေးမြို့တစ်ခုထဲတွင် သေဆုံးသူ နှစ်ထောင်ကျော်ရှိခဲ့သည်။
ထို့ပြင် ငလျင်ကြောင့် စစ်ကိုင်းမြို့တွင် လုံး၀ပြိုကျသွားသည့် အဆောက်အအုံနှင့် အက်ကွဲသွားသည့် အဆောက်အအုံများသည် မြို့၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ရှိသည်။
ယင်းမြို့နှစ်ခုမှ ပြည်သူများသည် ငလျင်ဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့်အပြင် နောက်ထပ် ဘေးတစ်ခုအနေဖြင့် မိုးရွာသွန်းမှုများကိုလည်း ကြုံတွေ့ခဲ့ရသည်။ ငလျင်ဘေးဒဏ်ပြည်သူများသည် ခိုင်ခံမှုမရှိသော အဆောက်အအုံများ အတွင်း ပြန်လည် မနေထိုင်ရဲသည့် အချိန်၌ မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကို ဧပြီလ ဒုတိယပတ်၌ ကြုံတွေ့ခဲ့ရခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ ကြုံတွေ့မှုကြောင့် လယ်ကွင်းများ၊ ဘောလုံးကွင်းများ၊ အဆောက်အအုံဘေးလွတ်ရာများတွင် နေထိုင်နေသည့် ငလျင်ဘေးရှောင်ပြည်သူများသည် ခိုင်ခံမှုမရှိသည့် အဆောက်အအုံများ အောက်သို့ ဝင်ရောက်ကာ မိုးရွာသွန်းမှုကို ရှောင်ရှားခဲ့ရပေသည်။









Save the Children အဖွဲ့၏ ဧပြီ ၂၄ရက် ထုတ်ပြန်ချက်၌ ငလျင်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သိန်းခန့် အနက် အမျိုးသမီးနှင့် ကလေးငယ် ၄၂၀၀၀ခန့်သည် ယာယီတဲများနှင့် အမိုးအကာအောက်များ၌ နေထိုင်နေရဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ယာယီတဲများ၊ အမိုးအကာများသည် မိုးသည်းထန်ခြင်း၊ အပူလွန်ကဲခြင်းစသည့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိကြောင်းလည်း ဆိုထားပြန်သည်။
ငလျင်ဘေးသင့်မှုနဲ့ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးအပိုင်းကို ကြည့်ရာတွင် စစ်ကောင်စီကူညီမှုထက် နိုင်ငံတကာ အကူအညီများ၊ ပြည်သူမှ ပြည်သူသို့ ပြန်လည်ကူညီမှုများသာ အများဆုံးဖြစ်သည်ကိုလည်းတွေ့ရပေသည်။
ယခုလှုပ်ခတ်ခဲ့သည့် ငလျင်၏ ပြတ်ရွေ့သည် စစ်ကိုင်းပြတ်ရွေ့မှ ဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ အဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုမြို့အနီးမှ စတင်ခဲ့ပြီး မြန်မာနိုင်ငံတောင်ပိုင်း မုတ္တမပင်လယ်ကွေ့အထိ ရှိနေသည့် ပြတ်ရွေ့ကြီးတစ်ခုဖြစ်ပြီး မြန်မာပြည်သူများကို ဒုက္ခအပေးဆုံး ပြတ်ရွေ့ကြီးတစ်ခုလည်းဖြစ်သည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေး၀မြို့အနီး တောင်-တောင်မြောက်တန်းလျက်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင် အနီးမှ စတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့-အနောက် တန်းလျက်ရှိသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ပြတ်ရွေ့ကြီးများဖြစ်ပြီး ပြတ်ရွေ့အသေးများစွာလည်း မြန်မာနိုင်ငံ၌ တည်ရှိနေသည့်အတွက် ငလျင်ဒဏ်ကို အချိန်မရွေးခံစားရနိုင်သည်။
ပြီးခဲ့သည့် မတ်လအတွင်း စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ကြီးသည့် ငလျင်ကြီးသည့် ယင်းပြတ်ရွေ့အလယ်ပိုင်းမှ လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ ဖြတ်သန်းထားသည့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ တကောင်း၊ အင်းတော်ကြီး ၊ မြစ်ကြီးနား၊ ကာမိုင်း၊ ပူတာအိုမြို့များ၊ တောင်ပိုင်းဒေသဖြစ်သည့် ပဲခူး နှင့် ရန်ကုန်မြို့များသည် ငလျင်ကြီးလှုပ်ခတ်နိုင်သည့် အခြေအနေကို အမြဲသတိထားသင့်သေးသည်။
ယင်းအပြင် မြန်မာနိုင်ငံသမိုင်း၌ အင်အားအကြီးဆုံးအဖြစ် ၁၉၁၂ ခုနှစ်က မေမြို့ကို ဗဟိုပြုပြီး ကျောက်ကြမ်းပြတ်ရွေ့မှ အင်အားရစ်ချ်တာစကေး ၈ ဖြင့် (ပညာရှင်များ ပြန်လည်လေ့လာသည့်အခါ ရစ်ချ်တာစကေး ၇ဒဿမ ၇ အဆင့်သာရှိခဲ့ဟု ပြန်လည်ပြုပြင်ခဲ့) လှုပ်ခတ်ခဲ့သည့် ငလျင်သည် နှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်နေပြီဖြစ်သည့်အတွက် ယင်းပြတ်ရွေ့မှ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေကိုလည်း သတိထားသင့်ပေသည်။
မြေငလျင် လှုပ်ခတ်ရသည့် အကြောင်းအရာသည် ကျောက်သားထုချပ် နှစ်ခု တစ်ခုနှင့် တစ်ခုတွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ကာ၊ အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အခါ တွန့်ခေါက်လာပြီး အားများတဖြည်းဖြည်းစုစည်းလာပြီးနောက် ရုတ်တရက်ရုန်းကန်ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်မှုကို ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။
အထက်ပါအချက်အပြင် မြေငလျင်လှုပ်ခတ်မှုသည် လူသားများ၏ ပယောဂနှင့်လည်း သက်ဆိုင်မှုရှိသေးသည်။ ယင်း ပယောဂများမှာ မြေအောက်ရေ အလွန်အကျွံသုံးစွဲမှု၊ သဘာ၀ဓာတ်ငွေ့တူးဖော်မှုများပင်ဖြစ်ပေသည်။ ထင်သာအောင် ပြောရမည်ဆိုပါက မြေအောက်ရေနှင့် သဘာ၀ဓာတ်ငွေ့များသည် ကမ္ဘာမြေအတွင်းပိုင်း၌ တည်ရှိသည့် အရာများဖြစ်သည်။ လူသားများသည် အဆိုပါ အရာများကို ထုတ်ယူသုံးစွဲသည့်အခါ ကျောက်သားအောက်၌ ရှိနေသည့် ရေထုထည်လျော့ကျလာပြီး ကျောက်သားများရွေ့လျားကာ တစ်ခုနှင့် တစ်ခုတွန်းတိုက်မှု အခြေအနေကို သက်ရောက်သွားစေမှုကြောင့် မြေငလျင်ကို ဖြစ်ပေါ်စေခြင်းလည်းဖြစ်သည်။
မြန်မာပြည်သူများသည် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ပျက်စီးသွားသော အိုးအိမ်များ၊ အခြေခံအဆောက်အအုံများနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ပြန်လည်တည်ဆောက်ရန် ရုန်းကန်နေကြရသည်။ ဤကြီးမားသော ဘေးအန္တရာယ်က ယခင်ကတည်းက ပဋိပက္ခနှင့် စီးပွားရေးခက်ခဲမှုများဖြင့် ရုန်းကန်နေရသော ပြည်သူများအပေါ် သီးခြားဝန်ထုပ်ဝန်ပိုးတစ်ခုကို ထပ်မံတင်လိုက်ခြင်းဖြစ်သည်။
ငလျင်လှုပ်ခတ်ပြီးနောက် ပထမရက်သတ္တပတ်များတွင် ပြည်သူအများအပြားသည် ယာယီစခန်းများတွင် ခိုလှုံခဲ့ကြရပြီး အရေးပေါ် အောက်ခံတဲများအောက်တွင် နေထိုင်ခဲ့ကြရသည်။ ဒေသခံ NGO များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများသည် အထက်အောက်ညီညွတ်မှုစိတ်ဓာတ်ဖြင့် ရှေ့တန်းမှ ကူညီလျက်ရှိသည်။ နိုင်ငံတကာအထောက်အပံ့များ၏ လျှောက်လှမ်းမှုသည် အကန့်အသတ်ရှိသော်လည်း လိုအပ်သည့်နေရာများသို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။





ငလျင်သည် ဒေသခံစီးပွားရေးကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့သည်။ ဈေးများ၊ ကုန်တိုက်များနှင့် အသေးစားလုပ်ငန်းများ ပျက်စီးသွားခဲ့သည်။ ယေဘုယျအားဖြင့် တည်ငြိမ်မှုမရှိသော စီးပွားရေးအခြေအနေကြားတွင် ငလျင်ဒဏ်သင့်ဒေသများရှိ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာပြီး၊ အခြေခံလိုအပ်ချက်များ ဝယ်ယူရန်ပင် ပြည်သူများအတွက် ပိုမိုခက်ခဲလာသည်။
ငလျင်ကြောင့် ဆေးရုံများနှင့် ဆေးခန်းများလည်း ပျက်စီးသွားပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် တစ်ခုလုံး ယိုယွင်းသွားခဲ့သည်။ အရေးပေါ်ဆေးဝါးဝန်ဆောင်မှုများ ရရှိနိုင်သော်လည်း နာတာရှည်ရောဂါအခြေအနေများနှင့် မသန်စွမ်းသူများအတွက် စောင့်ရှောက်မှုသည် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း များစွာရှိသည်။ မိသားစုဝင်များနှင့် မိတ်ဆွေများ ဆုံးရှုံးခဲ့ရသော သူများသည် ဝမ်းနည်းမှုကို ကိုင်တွယ်ဖြေရှင်းရင်း ၎င်းတို့၏ ဘဝများကို ပြန်လည်တည်ဆောက်ရန် ကြိုးစားနေကြရသည်။ ကလေးများနှင့် သက်ကြီးရွယ်အိုများသည် အထူးသဖြင့် ထိခိုက်လွယ်ပြီး ထပ်မံလှုပ်ခတ်မည့် ငလျင်အပေါ် ကြောက်ရွံ့စိုးရိမ်မှုများလည်း ရှိနေကြသည်။
အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေးသည် နှေးကွေးပြီး မပြည့်စုံသေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်နေဆဲဖြစ်သည်။ လမ်းများ၊ တံတားများနှင့် ရေပေးဝေရေးစနစ်များသည် ယာယီပြင်ဆင်မှုများဖြင့်သာ လည်ပတ်နေရဆဲဖြစ်သည်။ ကျောင်းများသည် အမိုးအကာမဲ့သော်လည်း တတ်နိုင်သမျှ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းလျက်ရှိသည်။
ဤစိန်ခေါ်မှုများအားလုံးရှိသော်လည်း မြန်မာပြည်သူများ၏ စိတ်ဓာတ်အားမာန်သည် မပျက်စီးသေးပေ။ ဒေသခံအသိုင်းအဝိုင်းများသည် တစ်ဦးကိုတစ်ဦး ကူညီရန် တစ်စည်းတစ်လုံးတည်း စုစည်းလျက်ရှိပြီး ငွေကြေးထောက်ပံ့မှု အကန့်အသတ်ရှိသော်လည်း ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံတကာအကူအညီ များရှိသော်လည်း၊ စစ်ကောင်စီကပြည်သူလူထုကို ထောက်ပံ့မှုမရှိသလောက်နည်းပါနေသည်။ဒေသခံလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ကူညီမှုများသည် မျှော်လင့်ချက်တစ်ခုဖြစ်နေပြီး ကပ်ဘေးဒဏ်သင့်ဒေသများ တဖြည်းဖြည်း ပြန်လည်ထူထောင်နိုင်ရန် ကူညီလျက်ရှိသည်။
မြန်မာပြည်သူများအတွက် ပြန်လည်ထူထောင်ရေးခရီးသည် ရှည်လျားနေဆဲဖြစ်သည်။ နေ့စဉ်အသက်ရှင်ရပ်တည်ရေး အခက်အခဲများ၊ ငွေကြေးအကန့်အသတ်များနှင့် အနာဂတ်အတွက် မသေချာမှုများ ရှိနေသော်လည်းပြည်သူအချင်းချင်းကူညီမှုဖြင့် ဒူပေနာပေခံကာ အရာရာကို ဆက်လက်တွန်းလှန်နေဆဲဖြစ်သည်။
အထက်ပါ အချက်များကို ပြန်လည်ခြုံကြည့်ပါက မြန်မာပြည်သူများသည် သဘာ၀ဘေးများကို အချိန်မရွေးကြုံတွေ့ရနိုင်သော်လည်း ပြည်သူအချင်းချင်းကူညီမှုဖြင့် ဒူပေနာပေခံကာ အရာရာကို ဆက်လက်တွန်းလှန်နေဆဲဖြစ်သည်။