By Ko Paing / MPA
စစ်ကောင်စီသည် ခွေးသရေခြုံ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပြီး ဆိတ်ခေါင်းချိတ်ကာ ခွေးသား ရောင်းသကဲ့သို့ဖြစ်ကြောင်း ကေအဲန်ယူဗဟိုက မှတ်ချက်ပြုသည်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်းငလျင်ကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင် ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ နှစ်ရက်မှ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ပထမအကြိမ်ထုတ်ပြန်ပြီးနောက် ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ ထပ်မံသက်တမ်းတိုးကြောင်း ကြေညာကာ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေသည့်အပေါ် ကေအဲန်ယူဗဟိုက အထက်ပါ အတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။
“အပစ်ရပ်တယ်ပြောပြီး ပစ်ချင်တိုင်းပစ်နေတယ်ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ ပြောင် ပြောင်တင်းတင်းစော်ကားလိုက်တာပဲ။ဒါပေမဲ့၊နိုင်ငံတကာက စစ်ကောင်စီရဲ့ ကြောက်မက်ဖွယ် လုပ်ရပ်တွေကို ထိထိရောက်ရောက် ဟန့်တားဖို့ စိတ်မဝင်စားတာက စစ်ကောင်စီကို လုပ်ချင်ရာ လုပ်ဖို့ ခွင့်ပြုထားသလိုဖြစ်နေတယ်”ဟု မဲဆောက်အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ကပြောသည်။
စစ်ကောင်စီ ပထမအကြိမ် အပစ်ရပ်ကြေညာခဲ့သည့် ဧပြီနှစ်ရက်မှ ၂၂ရက်အတွင်း ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ ပြည်သူပိုင်အိုးအိမ် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ် အကြိမ်၁၁၀ ထက်မနည်း ကျူးလွန်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက်သည် နိုင်ငံတကာအဖွဲ့အစည်းများထံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီ များ စီးဆင်းစေရန် ရည်ရွယ်ချက်ဖြင့်သာ ထုတ်ပြန်ခြင်းဖြစ်ပြီး လက်တွေ့တွင် တော်လှန်ရေးအဖွဲ့အစည်းများ အုပ်ချုပ် ထားနိုင် သည့် မြို့ရွာများရှိ ပြည်သူလူထုများအား အဓိကပစ်မှတ်ထားကာ လေကြောင်းနှင့် လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများ အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။
ဧပြီနှစ်ရက်မှ ၂၂ရက်အတွင်း စစ်ကောင်စီတပ်သည် လေယာဉ်နှင့်ဒရုန်းဖြင့် တိုက်ခိုက်မှု ၆၃ကြိမ်နှင့် လက်နက်ကြီးနှင့် ပစ်ခတ်မှု ၄၃ကြိမ် ကျူးလွန်ခဲ့ရာ ပြည်သူအယောက်၂၀ သေဆုံးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။
စာတည်း-ML