အကြမ်းဖက်စစ်တပ်၏ဝါဒဖြန့်မီဒီယာများ၌ ဖျော်ဖြေမှုများပြုလုပ်ပေးရန်အတွက် အနုပညာရှင်များကို ပုံမှန်နှုန်းထားထက်ငွေကြေးများပိုမိုပေးပြီး စည်းရုံငှားရမ်းမှုများပြုလုပ်နေကြောင်း သိရသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီအစရှိသည့် မီဒီယာများတွင် တေးသီချင်းသီဆိုရန်၊ အငြိမ့်ပွဲများ ပြုလုပ်ရန်အတွက် အငြိမ့်အဖွဲ့များနှင့် အဆိုတော်ကို ပုံမှန်ကာလများထက် ငွေကြေးများစွာပေးပြီး ငှားရမ်းမှုများ ရှိနေကြောင်း အနုပညာအသိုင်းအဝိုင်းရှိ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
လာရောက်စည်းရုံးခြင်းခံရသည့် အမည်မဖော်လိုသူ အနုပညာရှင်တစ်ဦး “သူတို့ကလာဖိတ်တယ်။ အကိုကတော့ တိုက်ရိုက်အဖိတ်ကြားခံရတာတော့ မဟုတ်ဘူး။ တဆင့်ခံပြီး အဖိတ်ခံရတာ။ အဲဒါ တောင်ကြေးက အများကြီးပေးထားတာ တွေ့ရတယ်။ အစ်ကိုတို့ ပုံမှန်ရနေကြကြေးမျိုး မဟုတ်ဘူးပေါ့” ဟု MPAသို့အတည်ပြုပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်မီဒီယာများတွင် ဖျော်ဖြေရန် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် မပါဝင်သူများ၊ အငြိမ့်အဖွဲ့များအပြင် Tik Tok စသည့် လူမှုကွန်ယက်အမျိုးမျိုးတွင် နာမည်ကြီးသူများကိုပါ စည်းရုံးနေခြင်း ဖြစ်ပြီး ငွေကြေးအပြင် ခြိမ်းခြောက်၍လည်း ခေါ်ယူနေကြောင်း စုံစမ်းသိရှိရသည်။
“သူတို့ဘက်က ကမ်းလှမ်းတယ်။ ကမ်းလှမ်းလို့မရရင် ခြိမ်းခြောက်မှုတွေပါတယ်။ ငွေနဲ့ဆွယ်တာတွေ ရှိတယ်။အဲဒီလူတွေ မလုပ်ရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ် ခြိမ်းခြောက်တာတွေ ရှိတယ်”ဟု အနုပညာအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများအတွက် ဖျော်ဖြေမှုအစီအစဉ်များတွင် အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်မျာနှင့် တပ်ထောက်ခံသူ အနုပညာရှင်များ၏ ဖျော်ဖြေမှု အစီအစဉ်များကိုသာ ထုတ်လွှင့်မှုများရှိနေသည်။
“မကြာမီမှာ နာမည်ကြီး အငြိမ့်အဖွဲ့တွေ ဖျော်ဖြေကြတာမျိုးကို တွေ့ကြရလိမ့်မယ်။ ကြားရ သလောက် ဆိုရင် ဥက္ကဌကဦးဆောင်ကပြီးတော့ အငြိမ့်အဖွဲ့တွေကဖို့ စီစဉ်နေကြတာမျိုးရှိတယ်လို့ ကြားရတယ်” ဟု အငြိမ့်ဇာတ်ခုံ အသိုင်းအဝိုင်းမှ အနုပညာရှင်တဦးက ပြောသည်။
၎င်းက ဆက်လက်ပြီး “အချို့ကလည်း စားဝတ်နေရေးကြောင့် ကကြတယ်။ အချို့ကလည်း ကချင်လို့ကကြ တာလည်း တွေ့ရတယ်။ တချို့ကပတ်ဝန်းကျင်က ရှုံ့ချမှာ နှာခေါင်းရှုံ့မှာစိုးလို့ လက်မခံရဲကြဘူး။ ပြီးတော့ နဂိုစိတ်အခံရှိတဲ့သူ တွေကလည်း လက်မခံကြဘူး။ အခုဖြစ်နေတဲ့ပုံစံက အမျိုးမျိုးကို ဖြစ်နေကြတာပေါ့”ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင်းက အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်မီဒီယာများတွင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ဟူသောခေါင်းစဉ်ဖြင့် ဖျော်ဖြေပွဲကျင်းပရန် အနုပညာရှင်များနှင့်အတူ ကြေညာခဲ့သည်။
ထိုသို့ကြေညာခဲ့သည့် အနုပညာရှင်များထဲတွင် ဒဂုံတက္ကသိုလ်မြန်မာစာဌာနမှ ကျောင်းသူတစ်ဦး ပါဝင် လာသည်ကို တွေ့ရှိရသဖြင့် ဒဂုံတက္ကသိုလ် မြန်မာစာအသိုင်းအဝိုင်းအနေဖြင့် ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ကြသည်ကိုလည်း တွေ့ရသည်။
အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် မီဒီယာများကို ပြည်သူလူထုအနေဖြင့် အားမပေးခြင်း၊ ၎င်းမီဒီယာများတွင် ဖျော်ဖြေမှုများ ပြုလုပ်သည့် အနုပညာရှင်များကို ဆန့်ကျင်ခြင်း၊ လုပ်ငန်းကြော်ငြာများတွင် အသုံးမပြုစေခြင်း၊ အသုံးပြုပါက အဆိုပါထုတ်ကုန်ကိုပါ သပိတ်မှောက်ခြင်း စသည့်နည်းလမ်းများဖြင့် ဆန့်ကျင်နေသည်။