By Nway / MPA
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီတပ် ကြဲချသည့် ဗုံးထိမှန်ကာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီးခဲ့ကြောင်းသိရသည်။
ဧပြီ ၁၉ရက်၊ ညရှစ်နာရီခွဲဝန်းကျင်တွင် ဝန်းသိုမြို့နယ်၊ နန်းချိုရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့ရာဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံထိမှန်ပျက်စီးခဲ့ကြောင်း Kawlin Info က သတင်းထုတ်ပြန်သည်။
” ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ပစ်သွားတာနှစ်ချက်ပေါ့။ ဘုန်းကြီးကျောင်းတစ်ချက်၊ ဓမ္မာရုံတစ်ချက်။ ကျောင်းဆောင်ရော ဓမ္မာရုံရောပျက်စီးသွားတယ်” ဟု Kawlin Info မှာ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံမှာ ပြန်လည်အသုံးပြု၍မရနိုင်အောင် ပျက်စီးသွားခဲ့သည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်လျက်ရှိသည်။
စာတည်း-ML