By MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရေထွက်ရွာရှိ လူစည်ကားရာနေရာကို စစ်ကောင်စီတပ်က နောက်တစ်ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ၂၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ၁၉ ရက်၊ နေ့လည်၁၂ နာရီ ၅၉မိနစ် တွင် သပိတ်ကျင်းမြိုနယ်၊ ရေထွက်ရွာရှိ ပြည်သူများနေထိုင်ရာ လူစည်ကားရာနေရာကို ဂျက်ဖိုက်တာဖြင့် ပေါင်သုံးရာ ဗုံးသီးနှစ်လုံးကြဲချခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ၂၄ ဦးသေဆုံးခဲ့ကြောင်း မြေပြင် သတင်းအမြစ်များထံမှ သိရသည်။
” အဓိကက ပြည်သူတွေနေတဲ့ လူစည်ကားတဲ့နေရာကိုချလိုက်တာ ။ လက်ဖက်ရည်ဆိုင်နဲ့ စျေးလေးလဲရှိတယ်။ ” ဟု ဒေသခံတစ်ဦးက MPA သို့ပြောသည်။












သပိတ်ကျင်းမြိုနယ်၊ ရေထွက်ရွာကို ဗုံးကြဲခြင်းကြောင့် ဒဏ်ရာရရှိသူ ၂၇ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိပြီး သေဆုံးမှုဦးရေးတိုးလာနိုင်ကြောင်းလည်း ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာနှင့်ရေထွက်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်လျက်ရှိသည်။