By Mg Dagon / MPA
ငလျင်ကြောင့် ငါးရက်ဆက် လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့တော် တောင်ကြီးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်နေသည့်အတွက် ယမန်နေ့ကစတင်၍ မီးတောက်လျှောက်လာနေကြောင်း မြို့ခံများထံမှ သိရသည်။
တောင်ကြီးမြို့တွင် အင်အားပြင်းငလျင်ကြီးမလှုပ်ခပ်မီ လွန်ခဲ့သည့် မတ်လ ၂၇ ရက်ညပိုင်းကတည်းက လျှပ်စီမီးပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ဧပြီ တစ်ရက်နေ့မှ လျှပ်စစ်မီးပြန်ရခဲ့ခြင်းဖြစ်သည်။
“မနေ့က ခဏပျက်ပေမဲ့ ဒီနေ့တော့ တောက်လျှောက်လာနေတယ်။ ထူးထူးဆန်းဆန်းပဲ နှစ်ရက်ရှိပြီ။ မအလရောက်နေလို့ဖြစ်မယ်” ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။
တောင်ကြီးမြို့တွင် အုပ်စုသုံးခုခွဲ၍ လျှပ်စစ်မီးပေးနေသော်လည်း ယခုနှစ်အတွင်း တစ်ရက်လျှင် နှစ်နာရီပြည့်သည်အထိ လာသည့်ရက် မရှိသလောက်ရှားနေသည်ဟု မြို့ခံများက ပြောသည်။
စစ်ခေါင်းဆောင်သည် တောင်ကြီးမြို့သို့ ယနေ့ ဧပြီ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် တောင်ချွန်းပေါ်ရှိ ရွှေဘုန်းပွင့်ဘုရား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပွဲအခမ်းအနားကို လာရောက်ခြင်းဖြစ်သည်။
“သူက မနေ့ကတည်းက ရောက်နေတာပါ။ ဒါကြောင့် လုံခြုံရေးတွေလည်း အများကြီးပဲချထားတယ်။ ဒီနေ့လည်း အတူတူပဲ” ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ခေါင်းဆောင် ရောက်နေ၍ ယမန်နေ့က တောင်ကြီးမြို့ရှိ အစိုးရဝန်ထမ်းအများအပြား ညဉ့်နက်သည်အထိ အချိန်ပိုဆင်းခဲ့ရပြီး ရွှေဘုန်းပွင့်ဘုရားရှိရာ တောင်ပေါ်ရှိ အရာရှိများလည်း အလုပ်လုပ်နေရသည်ဟု သိရသည်။
“တောင်ပေါ်က ဂေါပကလူကြီးလည်း တံမြက်စည်းလှည်းနေရတယ်။ မအလလာမှာမလို့ စည်ပင်က ရာထူးကြီးတွေလည်း ဘုရားပေါ် သန့်ရှင်းရေးလုပ်နေရတယ်” ဟု တောင်ပေါ်တွင်အလုပ်လုပ်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုဘုရားထီးတင်ပွဲသို့ စစ်ခေါင်းဆောင်နှင့်နီးစပ်သူနှင့် ၎င်းဩဇာခံ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များမှလွဲ၍ လူထုကို ပေးမတက်ဘဲ ပိတ်ထားကြောင်း ထိုအကြောင်းသိရှိထားသူများထံမှ သိရသည်။
“တောင်ပေါ်မှာ အလုပ်လုပ်တဲ့လူတောင် အိမ်မှာပြန်နေရတယ်။ တက်ခွင့်မပေးဘူး။ ညနေမှ ပေးတက်မယ်ပြောတယ်။ အကုန်ပိတ်ထားတယ်” ဟု ထိုအကြောင်းသိရှိထားသူ အမျိုးသားတစ်ဦးက ပြောသည်။
ဆက်လက်ပြီး နောက်ထပ် တောင်ကြီးမြို့ခံတစ်ဦးကလည်း “ညကလည်း တောင်ကြီးက ဘောစိတွေ ကန်တော့ပစ္စည်းတွေ ထွက်ဝယ်နေကြတာ တန်းစီနေတာပဲ။ ကောင်းပေ့ဆိုတဲ့ပစ္စည်းတွေကို ဝယ်နေကြတာ တွေ့ခဲ့တယ်” ဟု ပြောသည်။
တောင်ကြီးမြို့တွင် တော်လှန်ရေးအင်အားစုများ အားအလွန်နည်းပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုးဝ်ပြည်သူ့စစ်ဖြစ်သည့် ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်(PNO)တို့ စိုးမိုးထားသည်။
ထို့ကြောင့် စစ်ခေါင်းဆောင် လာမည်ကို ကြိုတင်သိရှိခဲ့သော်လည်း မည်သည့်အုံကြွမှုမျှ မလုပ်နိုင်သည့်အတွက် စစ်ကောင်စီဆန့်ကျင်သူ လူထုက ဝေဖန်မှုများပြုလုပ်နေကြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့ ဧပြီ ၁၁ ရက်နေ့က ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နှင့် အင်းလေးဒေသထဲသို့ သွားရောက်ရှိခဲ့ပြီးနောက် တောင်ကြီးမြို့သို့ ဘုရားထီးတင်ပွဲတက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထိုမှတစ်ဆင့် ကိုးကန့်တပ် MNDAA များဆုတ်ခွာသွားကြသည့် ရှမ်းပြည်(မြောက်ပိုင်း) လားရှိုးမြို့သို့ ပြန်လည်နေရာချထားရေးအစည်းအဝေးတက်ရန် ဆက်လက်သွားရောက်မည်ဟု တောင်ကြီးသတင်းများတင်ဆက်ပေးနေသည့် TGI Support Revolution က ယမန်နေ့တွင် ပြောထားသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – တောင်ကြီးမြို့တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ကြောင့် အပျက်အစီးတချို့ဖြစ်ခဲ့ရသည်ကို တွေ့ရစဉ်