By Ra Wai / MPA
သင်္ကြန်ပြီးပါက မွန်ပြည်နယ်ရှိ အမျိုးသမီးများကို စစ်မှုထမ်းခေါ်တော့မည်ဟု သတင်းထွက်ပေါ်နေခြင်းကြောင့် အမျိုးသမီးငယ်များသည် ထိုင်းနိုင်ငံသို့ထွက်ခွာမှု များပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ်လက ယင်းသို့ သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်၊ ချောင်းဆုံ၊ သထုံနှင့် ပေါင်မြို့နယ် အတွင်းရှိ တက္ကသိုလ်တက်နေဆဲ အမျိုးသမီးငယ်များပါ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ သွားရောက်နေခြင်းဖြစ်သည်။
“ဒီသတင်းက ကောလာဟလလား၊အတည်လား မသိပေမဲ့ လူတွေကတော့ ဖြစ်နိုင်ခြေရှိတဲ့သတင်းလို့ သတ်မှတ်ကြတယ်။ပြီးတော့ အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ရင် အခု ယောကျာ်းတွေကို ခေါ်နေသလို ပိုက်ဆံပေးပြီး လူစားထိုးလို့မရနိုင်ဘူး။ ဘာလို့လဲဆိုတော့ လူစားထိုးလိုက်မဲ့ မိန်းမတွေ မရှိနိုင်ဘူးလေ”ဟု ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက MPAသို့ပြောသည်။
မွန်ပြည်နယ်အတွင်းရှိပြည်သူများမှာ ၂၀၀၀ခုနှစ် မတိုင်မီမှစ၍ ယနေ့ထိတိုင် အစဉ်အဆက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြပြီး ထိုင်းနိုင်ငံ၌ အခြေချနေသူလည်း များစွာရှိနေခြင်းကြောင့် အဆက်အသွယ်ကောင်းများ ရှိနေကြောင်း ထို့ကြောင့် ယခုကဲ့သို့ လုံခြုံမှုမရှိသောအခြေအနေအောက်မှ ရုန်းထွက်နိုင်ရေးအတွက် မိဘများကိုယ်တိုင်က ထိုင်းသို့သွားရန် တွန်းအားပေးနေကြောင်း ၎င်းက ဆိုသည်။
“NLDအစိုးရလက်ထက်မှာ ထိုင်းသွားတာ နည်းနည်းပြန်ငြိမ်သွားတယ်။အာဏာသိမ်းပြီးတော့ အသွားပြန်များလာတယ်။ စစ်မှုထမ်းခေါ်တော့ ယောင်္ကျားလေးတွေ သွားကြတာမှ ကြံ့ဖွတ်(ပြည်ခိုင်ဖြိုး)မိသားစုဝင်တောင် သွားကြတယ်။ အခုကတော့ ကောင်မလေးတွေ ခပ်စိပ်စိပ်သွားနေကြပြီ”ဟု ၎င်းက ဆက်လက်ပြောသည်။
သင်္ကြန်ကျော်လျှင် အမျိုးသမီးများကို စစ်မှုထမ်းခေါ်မည်ဆိုသည့်သတင်းနှင့်ပတ်သက်ပြီး မွန်ပြည် နယ်အစိုးရအဖွဲ့ရုံးနှင့်နီးစပ်သူထံ MPAက မေးမြန်းရာ “သတင်းထွက်နေတာမှန်တယ်။ အတည်တော့ မပြုနိုင်ဘူး”ဟုဆိုသည်။
ကျားဖြန့်ပြဿနာကြောင့် မြန်မာနှင့်ထိစပ်နေသော ထိုင်းနိုင်ငံရှိ နယ်စပ်လမ်းကြောင်းများတွင် စစ်ဆေးမှုများနေသော်လည်း စစ်မှုထမ်းပြဿနာကြောင့် စွန့်စားပြီး သွားနေကြကြောင်း ပေါင်မြို့နယ်၊ မုတ္တမနေ ပြည်သူတစ်ဦးကပြောသည်။
“အာဏာသိမ်းပြီးကတည်းက အလုပ်မကောင်းလို့ ထိုင်းသွားနေကြတာ၊ စစ်မှုထမ်းလည်းစရော ယောင်္ကျားလေးတွေ ထပ်ပြေးရရော။ အခုတော့ ကောင်မလေးတွေလည်း ပြေးရပြီ၊ ထိုင်းမှာ ခိုးဝင်တာ ကျပ်နေပေမဲ့ ကြောက်ကြောက်နဲ့ ဝင်ရတာပဲ”ဟု ၎င်းက ဆိုသည်။
မတ်လလယ်တွင် သထုံနှင့် ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူခဲ့ကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။
“ပေါင်၊ ရင်းငြိမ်(ရွာ)ဘက်နဲ့ အုတ္တံတား(ရွာ)ဘက်မှာ အမျိုးသမီးစစ်မှုထမ်းစာရင်းကောက်တယ်။ သထုံမြို့ပြင် ရွာတချို့မှာလည်း ကောက်တာရှိတယ်။ သထုံမြို့ပေါ်တော့ ကောက်တာမရှိဘူး။ အဲဒီလို စာရင်းကောက်တာနဲ့ အခုသတင်းထွက်တာ ဆက်စပ်မယ်ထင်တယ်”ဟု ၎င်းက ပြောသည်။
သထုံမြို့နယ်တွင်လည်း စစ်မှုထမ်းအကျုံးဝင် အမျိုးသမီးငယ်များပါ ထိုင်းသို့ သွားနေသဖြင့် ရွာများ၌ လူငယ်များ ရှားနေပြီဖြစ်ကြောင်း သထုံမြို့နယ်၊ သိမ်ဆိပ်နေ ပြည်သူတစ်ဦးကပြောသည်။
လက်ရှိ ထိုင်းနိုင်ငံသို့ ပွဲစားများဖြင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ပြီး အလုပ်သည်အထိ ဆောင်ရွက်မည်ဆိုပါက ကျပ်သိန်း ၅၀ အထိ ဝန်ဆောင်ခပေးရကြောင်းလည်း သိရသည်။
စာတည်း-ကိုဆန်း