By Hsu Yee / MPA
စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်သင့် အမျိုးသမီး ၅၀၀ ခန့်ကို ကုလသမဂ္ဂမှ ထောက်ပံ့သည့် ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဧပြီ တစ်ရက်မှ ဧပြီ ရှစ်ရက်အထိ စစ်ကိုင်းမြို့၊ ရွာထောင် ရပ်ကွက်ရှိ အမျိုးသမီး ၅၀၀ ခန့်အတွက် ကုလသမဂ္ဂမှထောက်ပံ့သည့် မိန်းကလေးသုံး ပစ္စည်း ၁၂ မျိုးပါသည့် Dignity Kit ကျောပိုးအိတ် အလုံး ၅၀၀ ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပုံစာ – ကုလ ထောက်ပံ့သည့် အမျိုးသမီးသုံး ပစ္စည်းများပါသည့် ကျောပိုးအိတ် လှူဒါန်းစဉ်။

ပုံစာ – ကုလ ထောက်ပံ့သည့် အမျိုးသမီးသုံး ပစ္စည်းများပါသည့် ကျောပိုးအိတ် လှူဒါန်းစဉ်။
” UN က NGO ကနေတစ်ဆင့် ကျတော်တို့ကို ချိတ်ဆက်လှူဒါန်းပေးတာပါ။ ကျတော်တို့ အဖွဲ့ ကို ပေးချင်တယ်ဆိုပြီး ဆက်သွယ်လာလို့ လက်ခံပေးလိုက်တာပါ။ တစ်ရက်နေ့ကစပြီး နေ့စဥ် လှူနေပါတယ်” ဟု S&C တည်ထောင်သူ ကိုစိုးမိုးအောင်က MPA သို့ပြောသည်။
ကုလသမဂ္ဂအနေနှင့် S&C သို့ ယခုလိုဆက်သွယ်၍ လှူဒါန်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
“ အခုအကြိမ်က ပထမပါ။ UN ကပို့ပေးတာ သိန်း ၂၅၀ ဖိုးပါ။ တစ်ကယ်တမ်းက တစ်ထုပ်ဆို တအိမ်ထောင်စုလောက်ပါတယ် “ ဟု၎င်းက ဆက်လက်ပြောသည်။
ကုလသမဂ္ဂက အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများကို ထောက်ပံ့ခိုင်းခြင်းဖြစ်ပြီး ပစ္စည်းမလုံလောက်သော်လည်း ကုလသမဂ္ဂက ထပ်မံလှူဒါန်းရန် အစီအစဉ် ရှိ၊ မရှိ မသိရသေးကြောင်း၎င်းကဆိုသည်။