By Mg Dagon / MPA
ဂျပန်နိုင်ငံသို့ သွားရောက်နေထိုင်ခွင့်ဗီဇာသက်တမ်းရရှိထားပြီးသူ မြန်မာနိုင်ငံသားများအတွက် ကာလရှည်နေထိုင်ခွင့်လက်မှတ် (COE) သက်တမ်းကို သုံးလမှ ခြောက်လသို့ ကာလတစ်ဝက်တိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ယနေ့ (ဧပြီ ၈ ရက်)တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ပသို့အလုပ်သမားစေလွှတ်ခြင်းဆိုင်ရာ အပြောင်းအလဲများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေင်ဖြစ်ပေါ်ခဲ့သော ငလျင်ဒဏ်တို့ကြောင့် ပြည်ပအလုပ်အကိုင်သက်သေခံကတ်ပြား(OWIC) ထုတ်ပေးမှုကြန့်ကြာနေသည့်အတွက် ခွင့်ပြုပြီး COE သက်တမ်းကို ကာလတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ယင်းသံရုံးက ဆိုသည်။
ထို့ကြောင့် လက်ရှိ COE လက်မှတ်ရရှိထားသူများအနေဖြင့် ရရှိထားသည့်နေ့မှစ၍ မူလသက်တမ်း သုံးလမှ ခြောက်လအထိ ကိုင်ဆောင်သုံးစွဲနိုင်မည်ဖြစ်သည်။
သို့သော် သက်တမ်းခြောက်လကျော်လွန်နေသော COE ကိုင်ဆောင်ထားသူများအနေဖြင့် အသစ်ပြန်လည်လျှောက်ထားရမည်ဟု ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက ပြောသည်။
“အဲဒါဆို ကျွန်မ COE က အသစ်ပြန်လျှောက်စရမလိုတော့ဘူးပေါ့နော်။ ကျွန်မက ပြီးခဲ့တဲ့နှစ် ၁၂ လပိုင်းတုန်းက လျှောက်ထားတာ။ ပျော်စရာပေါ့နော်” ဟု ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
ထို့ပြင် ဂျပန်နိုင်ငံသို့ သွားရောက်နေထိုင်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသမီးငယ်တစ်ဦးကလည်း ယခုကဲ့သို့သက်တမ်းတိုးပေးခြင်းကို အကောင်းမြင်ကြောင်း ပြောသည်။
“သမီးက အခုမှသွားဖို့ လုပ်တုန်းရှိပါသေးတယ်။ ဂျပန်စကားပြောသင်တန်းတက်နေတာ နည်းနည်းကျန်နေပါသေးတယ်။ အခုလို ဂျပန်သံရုံးက ဖြေလျှော့ပေးနေတာတွေ့ရတော့ ငါလည်း တစ်နေ့ သေချာသွားရမယ်ဆိုတဲ့အသိနဲ့ ပျော်ပါတယ်” ဟု ၎င်းက ပြောသည်။
Certificate of Eligibility(COE)ဆိုသည်မှာ ဂျပန်နိုင်ငံသို့သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့်သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်ဖြစ်သည်။ အဆိုပါလက်မှတ်ဖြင့်အလုပ်လုပ်ကိုင်ခွင့်ရရှိထားသူ၏ မိသားစုဝင်များသည်လည်း “မိသားစုနေထိုင်ခွင့်ဗီဇာ” အဖြစ် လျှောက်ထားခွင့်ရှိသည်။
COE တင်ရန် သုံးလမှ ခြောက်လခန့်အထိ ကြာမြင့်နိုင်ပြီး ဂျပန်နိုင်ငံသို့ အလုပ်လုပ်ရန်ရည်ရွယ်ချက်ဖြင့် သွားရောက်မည့်သူများသာ COE လျှောက်ထားရန်လိုအပ်ကာ အလည်အပတ်သွားမည့်သူများအနေဖြင့် လျှေက်ထားရန်မလိုအပ်ကြောင်း အလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။