By Ra Wai / MPA
ဖျက်အားပြင်းငလျင်ကြောင့် ပြည်သူတို့ ပူဆွေးသောကရောက်နေကြသော်လည်း မော်လမြိုင်မြို့ လယ်ခေါင်တွင် လောင်းကစားလမ်းမကြီးကို ညစဉ်မပျက် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊မော်လမြိုင်မြို့၊အပေါ်ဈေးကြီးနှင့် ပြည်နယ်ဘောလုံးကွင်းကြားရှိ အသစ်ဖွင့်လှစ်ထား သော Grand Mawlamyine Shopping Mall ဘေးတွင် လောင်းကစားဝိုင်း ၂၀၀ ကျော်ပါသော လောင်းကစားလမ်းကို မတ်လ၂၅ရက်မှစတင်ကာ ညစဉ်မပျက် ဖွင့်လှစ်နေကြောင်း မွန်ပြည်နယ်အ စိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ငလျင်လှုပ်တဲ့ရက်လည်းဖွင့်တယ်။ငလျင်လှုပ်ပြီးတော့လည်း တစ်ညမပျက်ဖွင့်တယ်။စစ်ကောင်စီက ငလျင်နဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်သတ်မှတ်တော့လည်း ဝမ်းနည်းကြောင်းအလံတစ်ဝက်လွှင့်လိုက်ပေမဲ့ လောင်းကစားလမ်းမကြီးကတော့ ဝမ်းမနည်းနိုင်ဘူး၊ ဖွင့်တယ်”ဟု ၎င်းက MPA သို့ပြောသည်။
ယင်းလောင်းကစားလမ်းမကြီးတွင် အနီထောင်၊ဂလုတ်ဂလုတ်၊ဖဲနှင့် အရုပ်လှည့်လောင်းကစားဝိုင်း တို့ရှိပြီး မတ်လ၂၅ရက်မှ ဧပြီခုနှစ်ရက်ညအထိ ညတိုင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“အခုဖွင့်တဲ့နေရာက မွန်ပြည်နယ်ရဲ့ မြို့တော်၊မော်လမြိုင်ရဲ့ မြို့လယ်ခေါင်မှာ။လောင်းကစားလမ်း ပေါ်မှာ ဟန်ပြအနေနဲ့ ညတိုင်း ဇာတ်ပွဲသွင်းထားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းလောင်းကစားဝိုင်းများမှ တစ်ညလျှင် အကောက်ငွေ ကျပ်သိန်း၂၀၀ ကျော်ရရှိမည်ဟုထင် ကြောင်း ၎င်းက ဆိုသည်။
ယင်းလောင်းကစားလမ်းမကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ တပည့် မော်လမြိုင်မြို့ စီမံအုပ်ချုပ်ရေးကောင်စီဝင် တင်ချို(မော်လမြိုင်မြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ)က ဦးဆောင်ကာ လိုင်းကြေးယူ ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း သိရသည်။
လောင်းကစားလမ်းကို ညနေငါးနာရီမှစ၍ ကစားသူရှိလျှင် ရှိသလို မိုးလင်းပေါက်အထိ ဖွင့်လှစ်လျက် ရှိပြီး အပျော်တမ်းကစားသူများက ည၁၀နာရီခန့်အထိ ကစားကြကာ ပရော်ဖယ်ရှင်နယ်လောင်းက စားသမားများက ညလုံးပေါက် ကစားကြကြောင်း သိရသည်။
ယင်းလောင်းကစားလမ်းပေါ်တွင် WY မူးယစ်ဆေးကိုလည်း တရားဝင်သဖွယ် ရောင်းချနေကြောင်း လည်း သိရသည်။
မတ်လ၂၈ရက်တွင် ဖျက်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် မတ်လ၃၁ရက်မှ ဧပြီခြောက်ရက်အထိ နိုင်ငံအဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်များအဖြစ် စစ်ကောင်စီက ကြေညာခဲ့သည်။