By Hlaing / MPA
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လမ်းပိုင်းအနေအထားများ ပျက်စီးသဖြင့် မန္တလေး – ဖားကန့်ကားခ နှစ်ဆနီးပါးမြင့်တက်သွားကြောင်း ခရီးသွားပြည်သူများနှင့် ယာဥ်မောင်းများထံမှ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်၊က ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတံတားဟောင်း(အင်းဝတံတား) ပြိုကျပျက်စီးခဲ့ပြီး၊ စစ်ကိုင်းတံတားအသစ် (ရတနာပုံတံတား) မှာလည်း ကွဲအက်ပျက်စီးမှုများကြောင့် ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
“ ကားအသေးတွေက ကုန်တင်လို့မရဘူး။ တံတားပေါ်ကဖြတ်မယ်ဆိုရင်လည်း ကားပေါ်မှာ လူအများကြီးပါရင် လျော့ရတယ်။ အများဆုံးက ငါးယောက်လောက်ပဲ၊ ကုန်ပစ္စည်းတွေကိုလည်း ဇတ်ဆိပ်ကနေတဆင့် ကူးရတာဆိုတော့ ကူးခကလည်း ပေးရတယ်လေ၊ ခရီးသည်ချည်း သီးသန့်ဆိုရင် စျေးပိုမြင့်မှာ၊ ခြောက်ဘီးကားဆိုရင် တစ်ခါကူးရင် ခြောက်သိန်းထိပေးရတယ်လို့ ကြားတယ်ဗျ” ဟု မန္တလေးမှ ယာဥ်မောင်းအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိ ရတနာပုံတံတားတွင် အိမ်စီးကားအငယ်များကိုသာ ဖြတ်သန်းခွင့်ပြုထားပြီး ကုန်ပစ္စည်းများသယ်ယူခွင့်ကို ပိတ်ပင်ထား၍ မြစ်ကူး ဇက်ဖြင့်သာ သယ်ယူနေရသည့်အတွက် ကားခမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ ဖားကန့် – မြစ်ကြီးနား ကားခ တစ်ဦးလျှင် ခြောက်သောင်းကျပ်၊ ဖားကန့် – မန္တလေး ကားခ တစ်ဦးလျှင် နှစ်သိန်းကျပ်၊ ဖားကန့် – မိုးကောင်း ကားခ တစ်ဦးလျှင် တစ်သိန်းခွဲကျပ်အထိသာရှိခဲ့သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ဖားကန့် – မြစ်ကြီးနား ကားခ တစ်ဦးလျှင် နှစ်သိန်းဝန်းကျင်၊ ဖားကန့် – မန္တလေး ကားခ တစ်ဦးလျှင် သုံးသိန်းကျပ်နှင့် ဖားကန့် – မိုးကောင်း ကားခ တစ်ဦးလျှင် နှစ်သိန်းကျပ်အထိ စတင်မြင့်တက်လာခဲ့ပြီး၊ လက်ရှိ (၂၀၂၅ ခုနှစ်၊ ဧပြီလဆန်း) ငလျှင်လှုပ်ခတ်မှုကြောင့် လမ်းပိုင်းသွားလာမှု ခက်ခဲသဖြင့် ခရီးသည်တစ်ဦးလျှင် ငါးသိန်းခွဲကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။
“ လမ်းမှာတော့ ကွင်းလမ်းတွေနဲ့ နှစ်ညအိပ်လောက်ကြာတယ်။ ကျမအသိတစ်ယောက်ဆို ငလျင်လှုပ်ပြီးကာစက ဖားကန့်ပြန်တာ ခြောက်သိန်းပေးရတယ်။ ကျမက ငါးသိန်းပေးရတယ်” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ငလျင်လှုပ်ခတ်ပြီးနောက် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမြို့ရှိ လမ်းပိုင်းများ၌ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အတွက် စက်သုံးဆီကားများ ဝင်ရောက်နိုင်မှုမရှိသည့်အပြင်၊ စက်သုံးဆီစျေးနှုန်းများမှာလည်း မြင့်တက်လာသောကြောင့် ယခုကဲ့သို့ ကားခစျေးနှုန်းများ မြင့်တက်လာကြောင်း ယာဥ်မောင်းများက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆ ရက်မှစ၍ လက်ရှိအချိန် အထိ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည် နယ်အစပ်၊ မန္တလေး – မြစ်ကြီးနားဗျူဟာလမ်းမပေါ်ရှိ အင်းတော်မြို့၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ခရီးသည်တင်ကားများမှာ အင်းတော်ကွင်းလမ်းကိုသာ အသုံးပြုနေရသည်။
“ ဖားကန့်မှာက ဓာတ်ဆီတစ်ဂါလံကို ၄၀၀၀၀ ဝန်းကျင်မှာရှိတယ်။ ပြီးတော့ မန္တလေး – မြစ်ကြီးနားလမ်းမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ ပြောနေကြတာတော့ ဆီစျေးတက်မယ်ဆိုပြီး ကြားရတယ်” ဖားကန့်မြို့မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်နနှင့် ပဲခူးတိုင်းတို့တွင် သာသနိက အဆောက်အအုံများ၊ နေအိမ်အဆောက်အအုံအများအပြား ပျက်စီးမှု များပြားခဲ့ကာ လက်ရှိအချိန်ထိ သေဆုံးသူ ၄၀၀၀ထက်မနည်းရှိနေသည်။