By Mg Dagon / MPA
ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ကျင်းပရန်ပြင်ဆင်ထားသည့် သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူများနှင့် မြို့ခံများထံမှ သိရသည်။
ဆောက်လက်စ မြို့တော်သင်္ကြန်မဏ္ဍပ်အပါအဝင် စစ်ကောင်စီလက်အောက်ခံပြည်နယ်အစိုးရအစီအစဉ်ဖြင့် တည်ဆောက်နေဆဲဖြစ်သည့် မဏ္ဍပ်များကို ပြန်လည်ဖျက်သိမ်းနေသကဲ့သို့ လမ်းလျှောက်သင်္ကြန်အတွက် စီစဉ်ထားသည်များကို ပြန်လည်ဖြုတ်သိမ်းနေခြင်းဖြစ်သည်။
“အရင်လ(မတ်လ)လယ်လောက်က စဆောက်ခဲ့ကြတာပါ၊ မဏ္ဍပ်တွေအကုန်ဖျက်ကုန်ပြီ။ လမ်းလျှောက်သင်္ကြန် အရင်နှစ်နေရာမှာ ထီးတွေနဲ့အလှဆင်ထားတာ။ ငလျင်လှုပ်တော့ နောက် လေးရက်လောက်နေမှ ဖျက်ကုန်တာ” ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တောင်ကြီးမြို့လမ်းလျှောက်သင်္ကြန်ကို သစ်တောရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးအနီးနှင့် မြို့တော်ခန်းမအနီးတို့တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့ရာမှ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“ဟုတ်တယ်။ မတွေ့တော့ဘူး။ အရင်တွေ့နေပေမဲ့ မနက်တုန်းက အဲဒီဘက်(လွှတ်တော်နှင့် မြို့တော်ခန်းမအနီး)ရောက်တော့ လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်ထားတာတွေမတွေ့တော့ဘူး” ဟု တောင်ကြီးမြို့ခံ အသက် ၃၃ နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးက ပြောသည်။
လတ်တလော တောင်ကြီးမြို့ပေါ်တွင် သင်္ကြန်မဏ္ဍပ်များဆောက်လုပ်နေကြသကဲ့သို့ သင်္ကြန်ယိမ်းအကများ လေ့ကျင့်နေကြသည့်အပြင် စစ်ကောင်စီလက်အောက်ခံများက အလှူငွေများလည်း လိုက်လံကောက်ခံနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ထိုသတင်းများအပေါ် တောင်ကြီးမြို့ခံ Non-CDM ဝန်ထမ်းတစ်ဦးက “အကတိုက်တာ အကုန်ရပ်လိုက်ပြီ၊ မတိုက်တော့ဘူး။ အစက တိုက်နေတာ။ အခု အကုန်ရပ်ခိုင်းလိုက်ပြီ” ဟု ပြောသည်။
တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းသား/ကျောင်းသူများကို ယခုနှစ် သင်္ကြန်အတွက် ယိမ်းအကများလေ့ကျင့်စေမှုများအားလုံးရပ်တန့်လိုက်သည်ဟု တောင်ကြီးမြို့ပေါ်ရှိ အထက်တန်းပြဆရာတစ်ဦးက ပြောသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် တောင်ကြီးမြို့တွင် အဆောက်အအုံထိခိုက်ပျက်စီးမှုအနည်းငယ်သာဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်/သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
သို့သော် ယင်းမြို့နှင့် ၁၉ မိုင်ခန့်သာကွာဝေးသော အင်းလေးဒေသ ညောင်ရွှေမြို့နယ်အတွင်းရှိ ရေပေါ်ကျေးရွာများနှင့် အောင်ပန်းမြို့တို့တွင် ထိခိုက်ပျက်စီးမှုကြီးမားခဲ့ပြီး လူတစ်ရာကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။
ထို့ကြောင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ မြန်မာအမျိုးသားဒီမိုကရက်မဟာမိတ်တပ်မတော်(MNDAA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ငလျင်ဘေးသင့်သူများကို စာနာသည့်အနေဖြင့် မြန်မာ့နှစ်သစ်ကူး(သင်္ကြန်)ကာလအတွင်း ပျော်ပွဲရွှင်ပွဲများကို ဖျက်သိမ်းကြောင်း အသီးသီးကြေညာထားသည်။
စာတည်း-ကိုဆန်း