By Maung Dagon/ MPA
ငလျင်ဘေးဖြစ်ပွားပြီးနောက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆောက်အအုံများကို သတ်မှတ်ချက်များနှင့်အညီ မဆောက်ထားခြင်းများ တွေ့ရှိခဲ့သည့်အတွက် အရေးယူမှုများပြုလုပ်သွားမည်ဟု ပြောကြားသည်။
ယမန်နေ့( ဧပြီ ငါးရက်)က ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေး၌ စစ်ကောင်စီခေါင်းဆောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
” မျက်မြင်စစ်ဆေးချက်များအရ အချို့အဆောက်အအုံများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုများမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထိုသို့ သတ်မှတ်ချက်နှင့် မညီညွတ်ဘဲ ဆောင်ရွက်ထားသည်များကို ပြန်လည်စိစစ်အရေးယူဆောင်ရွက်သွားရန်လိုကြောင်း” ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောသည်။
မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကောင်စီ ရုံးဆိုက်ရာ ယခင် သမ္မတအိမ်တော်အပါအဝင် နေပြည်တော်ရှိ လွှတ်တော်၊ စစ်ရုံးချုပ်များ၊ ဝန်ထမ်းအိမ်ရာ များလည်း ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါနေရာများသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ ညွှန်ကြားချက်ဖြင့် စစ်တပ်အသိုင်းအ၀ိုင်းက တာဝန်ယူဆောက်လုပ်ခဲ့သည့် နေရာများဖြစ်ပြီး အရေးယူမှုများပြုလုပ်ပါက ၎င်းတို့ကိုလည်း အရေးယူသင့်သည်ဟု ထောက်ပြမှုများလည်းရှိသည်။
“ နေပြည်တော် တည်ဆောက်ရေးအတွက် အဓိက ကန်ထရိုက်ရခဲ့တာ ဦးတင့်ဆန်း(အားကစားဝန်ကြီးဟောင်း)ပဲလေ၊ အဲ့ဒီအချိန်မှာ ကျောင်းပြီးကာစ အင်ဂျင်နီယာတွေနဲ့ လုပ်အားပေါပေါရနိုင်တဲ့သူတွေကို ဦးတင့်ဆန်း အလုပ်ပေးသွားတာ အများကြီး၊ စစ်အာဏာရှင်စနစ်က ရွေးကောက်ပွဲလုပ်မယ်ဆိုတာကို သိတော့ သူတို့မဲဆန္ဒနယ်ဖြစ်လာနိုင်တဲ့နေရာတွေက ပြည်သူတွေကို အဓိက အလုပ်ပေးသွားတာ၊ ဒေသအပေါ်ကောင်းတယ်လို့ အမည်လဲရ၊ သူတို့လဲ ပိုက်ဆံရတာမျိုးနဲ့ လုပ်သွားခဲ့တာ” ဟု အစိုးရစီမံကိန်းများကို လေ့လာစောင့်ကြည့် သတင်းရေးသားခဲ့သည့် သတင်းထောက်တစ်ဦးက ပြောသည်။
ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကဲ့သို့ အခိုင်အမာတည်ဆောက်ထားသည်ဟု မှတ်ယူထားခဲ့ကြသော အဆောက်အအုံများလည်း ပြိုကျပျက်စီးမှုများ ဖြစ်ခဲ့သည်။
ထိုသို့သော ပျက်စီးပြိုကျမှုများ ဆိုးဆိုးရွားရွား ဖြစ်ခဲ့သည့် အဆောက်အအုံများအား ဆောက်လုပ်ခဲ့သူများကို အရေးယူမှုများ ပြုလုပ်ပေးရန် လူထုက လိုလားလျက် ရှိသည်ကိုလည်း တွေ့ရသည်။
” Foundation System နဲ့ အများကြီးသက်ဆိုင်ပါတယ်။ အုတ်တွေ၊ မှန်တွေနဲ့ မသက်ဆိုင်ပါဘူး။ Structure Engineer နဲ့ Design ထုတ်ထားရင်တော့ ထိခိုက်မှု နည်းပါတယ်။ အဓိက ကတော့ Foundation အောက်မှာထမ်းထားတဲ့ Pile System ပါပဲ Bole Pile လောက်သုံးထားရင်တော့ အခုလိုရုပ်ပျက်ဆင်းပျက် ကြီးဖြစ်လာစရာမရှိပါဘူး” ဟု ဆိုးရွားရွား ပြိုကျ ပျက်ဆီးခဲ့သည့် အဆောက်အအုံ အချို့နှင့်ပတ်သတ်ပြီး မန္တလေးမြို့မှ အသက် ၅၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ငလျင်ဒဏ်မခံထားခဲ့ရသော်လည်း အထပ်မြင့်တိုက်များနှင့် သက်တမ်းရင့် အဆောက်အအုံများ ရှိသည့် ရန်ကုန်မြို့ခံများကလည်း ယခုငလျင်ဘေးဖြစ်လာချိန်တွင် ၄င်းတို့ နေထိုင်ရာ အဆောက်အအုံများ၏ လုံခြုံစိတ်ချရမှုအပေါ် စိုးရိမ်စိတ်များစွာ ရှိနေသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့ရှိ အဆောက်အအုံများကို ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ပေးရန် လိုလားမှုများ ရှိသည်ဟု သိရသည်။
” နည်းနည်းလေး ယိမ်းသွားတာကို ကန်တရိုက်တိုက်က အက်ကြောင်းလေးတွေ ပေါ်လာတယ်။ ဒီထက် နည်းနည်းလောက်ထပ်ပြင်းလိုက်ရင်ကို ဘယ်လိုဖြစ်မလဲ တွေးကြောက်ပါတယ်။ ဒီမှာက ဒိုးဇက်လိုပဲ တစ်ခုပြိုလဲရင် အကုန်အတန်းလိုက်ကြီး ပြိုကျနိုင်တယ်။ ဒါတွေကို ပြန်စစ်သင့်တယ်” ဟု အသက် ၃၅နှစ်အရွယ် ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
မတ် ၂၈ရက်က စစ်ကိုင်းနှင့် မန္တလေးမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ဒဿမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နေအိမ်တိုက်တာ အဆောက်အအုံများစွာ ပြိုကျပျက်ဆီးမှုများ ဖြစ်လာခဲ့သည်။
ထိုသို့ ငလျင်ဒဏ်ခံခဲ့ရရာတွင် လက်ရှိအချိန်ထိ သေဆုံးသူ ၃၅၀၀ ဝန်းကျင်ထိ ရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၅၀၀၀နီးပါး ရှိနေကာ လူဦးရေ ၁၇ သန်းခန့် ငလျင်ဘေးသင့်နိုင်ကြောင်း စစ်တမ်းများအရသိရသည်။
စာတည်း-ကိုဆန်း