By Hsu Yee / MPA
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ လေးရက်၊ နံနက် ၁၁နာရီခွဲခန့်တွင် မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ မှ တစ်နေကုန်နီးပါး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာလွိုင်ကော်မြို့နယ်၊ ပီကင်းကောခူရွာခံ အမျိုးသားတစ်ဦး လက်နက်ကြီးကျည်သင့် သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ (ဧပြီ ငါးရက်) သတင်းထုတ်ပြန်သည်။
“ လက်နက်ကြီးပစ်တာကတော့ ကျတော်တို့ အကြိမ်ရေ အတိအကျတော့မသိဘူးပေါ့နော်။ ဒါပေမဲ့၊ မနက်ကနေ နေ့လယ်ထိ မနက်တစ်ပိုင်းလုံးက လက်နက်ကြီး ပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်ပေါ့နော်။ ပီကင်းကောခူရဲ့ အနီးတဝိုက်ကျေးရွာတွေမှာပေါ့နော်။ အဲ့မှာ ပီကင်းကောခူရှိတယ်။ ဝါရီကောခူရှိ တယ်။ အဲဒီကျေးရွာ အနီးနားတွေကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာဖြစ်ပါတယ် ” ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကို Tha Eh Soe က MPA သို့ပြောသည်။


ထို့အပြင် ဧပြီ လေးရက်၊ မွန်းလွဲ နှစ်နာရီကျော်တွင်လည်း ပီကင်းကောခူကျေးရွာသို့ တိုက်လေယာဉ် ဖြင့် ဗုံးနှစ်လုံးကြဲခဲ့ရာ နေအိမ်များအတွင်းရှိ အမျိုးသားလေးဦး ဗုံးထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။
“ ထိခိုက်ဒဏ်ရာရတာကတော့ နောက်တစ်ဦး ရှိပါတယ်ဗျ။အခြေအနေကတော့ လတ်တလော ဆေးကုသမှုခံယူနေတုန်းပဲဖြစ်ပါတယ်။ အခြေအနေကလည်း ပြင်းထန်တယ်လို့ သိရပါတယ်ဗျ“ ဟု ၎င်းက ဆက်လက်ပြောသည်။
ကရင်နီပြည်နယ်အတွင်း မတ်လ ၂၈ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု နေ့စဉ်လုပ်ဆောင်နေကြောင်း KNDF က ထုတ်ပြန်ထားသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။