By Nway / MPA
ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ပြည်မြို့တွင် ငလျင်ဘေးအတွက် အလှူခံထွက်မည့် ပြည်သူများကို စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူးအပါအဝင် နိုင်ငံတစ်ဝန်း၌ ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်မြို့တွင် အလှူခံထွက်ခွင့်ပြုရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံ အကြောင်းကြားရာ၌ ကန့်သတ်ပိတ်ပင်ခြင်းများ ရှိနေကြောင်း ပြည်မြို့ခံများထံမှ စုံစမ်း သိရှိရသည်။
” အလှူခံထွက်မယ်ဆိုရင် ထွက်မဲ့သူအရေအတွက်၊ ဘယ်အဖွဲ့အစည်းက အာမခံပေးမှာလဲ။ ပြီးတော့ ထွက်မဲ့သူတွေရဲ့ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အိမ်ထောင်စုစာရင်းတွေကို တောင်းတယ်။ ပြီးတော့ ဒီလူတွေထဲမှာ သူတို့ပြောတာက အကြမ်းဖက်သမားတွေပေါ့နော်၊ PDF တွေနဲ့ ဆက်စပ်နေတဲ့သူ ဒါမှမဟုတ် PDF တွေပါလာရင် အားလုံး အဖမ်းခံရမယ်။ ထောင်ချမယ်လို့ပြောတယ်။ အဲဒါကိုလည်း မပါကြောင်း အာမခံချက်ပေးရမယ်လို့ ပြောတယ်” ဟု အလှူခံထွက်ရန် စီစဉ်ခဲ့သည့် လူငယ်တစ်ဦးက MPA ကို ပြောသည်။
ထို့ပြင် အလှူခံထွက်ရန် ရပ်ကွက်အုပ်ချုပ်ရေးရုံးအပြင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ပြည် ( ဒကစပြည် ) တို့ထံ အဆင့်ဆင့် စာတင်ရမည်ဖြစ်ပြီး အလှူခံရာတွင် ရရှိလာသည့် ငွေကြေးများ၏ တချို့တဝက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
” ဒီလောက်ကန့်သတ်ချက်တွေ များနေမှတော့ ဘယ်သူက အလှူခံထွက်ရဲတော့မှာလဲဗျာ။ အချက်အလက်တွေ အားလုံးပေးလိုက်ရမှာချည်း။ နောက်ပြီး ပေါ်တာဆွဲတာတွေလည်း ရှိနေတော့ အလှူခံမထွက်ဖြစ်ကြတော့ဘူး။ အွန်လိုင်းကနေတော့ အလှူခံပြီး ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် တတ်နိုင်သလောက် လုပ်နေကြပါတယ် ” ဟု ၎င်းကပြောသည်။
ယင်းငလျင်ကြောင့် ပြည်သူများ ဒုက္ခရောက်နေသော်လည်း စစ်ကောင်စီက ရိုးရာ သင်္ကြန်ပွဲကို ပြုလုပ်မည် ဖြစ်ကြောင်း ဧပြီတစ်ရက်တွင် ကြေညာထားပြီး ပြည်မြို့တွင်လည်း သင်္ကြန်အတွက် ယိမ်းတိုက်မှုများလည်း မနားဘဲ ဆက်လက်ပြုလုပ်နေသည်။
” ယိမ်းကဖို့လည်း ဘယ်သူမှ စိတ်မပါကြတာကို အုပ်ကြီးတွေက အတင်းခေါ်ပြီး တိုက်နေတာ၊ မကရင် ပိုက်ဆံပေးရင်ပေး၊ မပေးရင် ပြေးလို့ပြောတယ်။ ဖမ်းမယ်ဆိုတဲ့ ပုံစံပေါ့။ ငွေရှိတဲ့သူတွေဆီက ပေးနိုင်ပေမဲ့ မရှိတဲ့သူတွေကျ သွားကရတော့တာ၊ ဘယ်လောက်တောင်းလဲတော့ သေချာမသိဘူး ” ဟု ပြည်မြို့ ရပ်ကွက်ယိမ်းအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို့ပြင် သင်္ကြန်ပွဲတော်ပြုလုပ်ရန် ပြည်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များကို ငွေကောက်ခံခြင်းများလည်း ရှိနေပြီး ရပ်ကွက်အလိုက် ယိမ်းများထွက်ရန် ထွေအုပ်ရုံးက ညွှန်ကြားထားကြောင်း ၎င်းကပြောသည်။
” တိုင်းပြည်က အသုဘဖြစ်နေတာ၊ ဘယ်လိုလုပ် ပျော်ချင်စိတ်ရှိမှာလဲ၊ စစ်ကောင်စီက ကျင်းပတဲ့ ဘယ်ပွဲမဆို တို့ပြည်မြို့သူမြို့သားတွေကတော့ မပါဝင်ပါဘူး။ မနှစ်က သင်္ကြန်ဆိုလည်း လူနည်းစုပဲလေ။ အဲဒီလူနည်းစုကလည်း စစ်တပ်နဲ့နွယ်တာတွေပါ ” ဟု ပြည်မြို့ခံတစ်ဦးကပြောသည်။
အာဏာမသိမ်းမီကာလက ပြည်မြို့၊ ဗဟို သင်္ကြန်မဏ္ဍပ်ကို သီရိခေတ္တရာမြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ သင်္ကြန်ပွဲတော်ကို ပါဝင်သူနည်းပါးသောကြောင့် လူစည်ကားရာနေရာများတွင် ရွှေ့ပြောင်းထားရှိနေကြောင်း ပြည်မြို့ခံများက ပြောသည်။
၂၀၂၄ခုနှစ် သင်္ကြန်ကာလကလည်း ပြည်မြို့၌ စစ်ကောင်စီက ဦးစီးပြီး သင်္ကြန်ပွဲကျင်းပခဲ့သော်လည်း မြို့ခံများ ပါဝင်မှုနည်းပါးခဲ့ကြောင်း သိရသည်။
စာတည်း-ကိုဆန်း