By Crystal/MPA
ရန်ကုန်မြစ်ရေသည် အချိန်အခါမဟုတ်ဘဲ သိသိသာသာမြင့်တက်လာခြင်းကြောင့် ရန်ကုန်မြို့ခံများ စိုးရိမ်မှုဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှ စုံစမ်း သိရှိရသည်။
မတ် ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ရန်ကုန်မြစ်ရေသည် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယနေ့(ဧပြီ သုံးရက်)အထိ ထူးကဲဒီရေတက်နေခြင်းလည်းဖြစ်သည်။
ယခုကဲ့သို့ ဒီရေတက်ခြင်းနှင့်ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ” တစ်ချို့နေရာက ဥပမာ နေပြည်တော်၊ ပျဉ်းမနား က ဆည်တွေရှိပါတယ်။ ငလျင်ကြောင့် ရေဝိတ်နဲ့ ဆည်ကျိုးမှာစိုးလို့ အချိန်ပိုင်းနဲ့ ထိန်းပြီး ရေလွှတ်နေတာတွေရှိပါတယ်။ အဲ့ဒါတွေကြောင့် ရန်ကုန်မှာ ထူးကဲဒီရေတိုးလာတာဖြစ်နိုင်ပါတယ်။ ဒီလောက်ပူနေတာ မိုးလည်းမရွာထားတော့ ဒါပဲရှိပါတယ်။ ” ဟု ပြောသည်။
“ ငလျင်လှုပ်ပြီးနောက်နေ့ထဲက ရေတက်တာ ခြောက်ရက်လောက်ရှိပြီ၊ သိသိသာသာတက်တာ ပုံမှန်ထက်များတော့ သတိထားမိတာပေါ့၊ ရေက အရင်ဆို ဝါဆို၊ ဝါခေါင်လောက်မှ တက်တာလေ၊ အခုဆိုရင် ရေက ပုံမှန်အခြေအနေထက် အများကြီးပိုတက်တယ်။ ကျမတို့ဘက်က အိမ်တွေထဲတောင်ရေဝင်တယ်။ အရင်က ဒီလိုရာသီမျိုးဆိုရင် ရေတက်တာမျိုးမရှိခဲ့ဘူး။ ဒီမနက် သမ္ဗန်စီးတုန်းကတောင် ပြောမိသေးတယ်။ ကျမတို့ဒလဘက်မှာ ဒီလိုလတွေ ရေတက်တာမရှိပါဘူးဆိုပြီး” ဟု ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ အံ့ကြီးရပ်ကွက်၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ရန်ကုန်မြစ်ရေ ဒီရေတိုးခြင်းသည် ပုံမှန်အားဖြင့် မိုးသည်းထန်စွာရွာသွန်းတတ်သည့် ဝါဆို၊ ဝါခေါင်လများ၌သာ ဒီရေတက်လေ့ရှိသော်လည်း လက်ရှိရန်ကုန်မြစ်ရေသည့် ငလျင်လှုပ်ခတ်ပြီးနောက် ပုံမှန်မဟုတ်ဘဲ ညနေပိုင်းများ၌ သိသာစွာ ဒီရေမြင့်တက်လာနေခြင်းလည်းဖြစ်သည်။
“ အခုဆို လမ်းနားကို ကပ်နေပြီ ရေတွေက၊ ဒါပေမဲ့ ဒီမှာက ချောင်းကြီးက အကျယ်ကြီးချဲ့ထားတယ်။ ဘက်ဖိုးနဲ့တူးပြီးတော့၊ ရေစီးရေလာကြောင့်ပဲလားတော့ မပြောတတ်ဘူး။ ပြန်တော့ ကျပါတယ်” ဟုရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်၌ နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။




ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အများစုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်သလို လေပြင်းတိုက်ခတ်ခြင်း၊မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် ECMWF Cyclone Genesis Chart ၏ ဖေါ်ပြချက်အရ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ယနေ့၊ ဧပြီလ ၃ ရက်နေ့မှစတင်၍ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ခြေ ၄၀ ရာခိုင်နှုန်း ရှိနေကြောင်း၊ ဧပြီ ၄ ရက်နှင့် ၅ ရက်နေ့များတွင် မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ခြေ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။
” ရာသီဥတုပြောင်းလဲတာက ငလျင်ကြောင့် မဟုတ်ပါဘူး။ သစ်တောပြုန်းတီးတာ၊ လေထုညစ်ညမ်းမှုတွေ များလာတာ၊ ကမ္ဘာကြီးပူနွေးလာတာတွေကြောင့် ရာသီဥတုပြောင်းလဲတာပါ ” ဟု မိုးလေဝသစောင့်ကြည့် လေ့လာသူ ဦးဝင်းနိုင်က MPA ကို ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နေဆဲဖြစ်သည့်အပြင် မြေအောက်ရေထွက်ပေါက်များပြောင်းလဲခြင်း၊ ဧရာ၀တီမြစ်အတွင်း ရေများခမ်းခြောက်ခြင်း အစရှိသည်တို့လည်း ဖြစ်ပွားခဲ့သည်။