By MPA
ငလျင်အန္တရယ်အား ကြီးမားစွာ ကြုံတွေ့ခဲ့ရသည့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသအများစု၌ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှု၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းအရှိန်များကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကို ဖြစ်ပေါ်ခြင်းလည်းဖြစ်သည်ဟု မိုးဇလက ဆိုထားသည်။
ထို့ကြောင့် ဧပြီ ငါးရက်နေ့တွင် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ ဧပြီ ခြောက်ရက်မှ ၁၁ရက်နေ့အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာ၀တီတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ ၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုပ်းရွာနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
ထို့ပြင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေးခြင်းများလည်း ဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန် မိုးဇလက အကြံပြုထားသည်။
မတ် ၂၈ရက်က မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့သည့်အပြင် ဧပြီ နှစ်ရက်အထိ လူလေးထောင်နီးပါးသေဆုံးခဲ့ရသည်။
ထိုကဲ့သို့ သေဆုံးမှုများအပြင် အပြိုအပျက်အောက်များ၌ ပိတ်မိနေသူများ၊ သေဆုံးနေသည့် အလောင်းများကို ထုတ်ယူနိုင်မှုမရှိသေးခြင်းများကြောင့် မိုးရွာသွန်းခဲ့ပါက ကယ်ဆယ်ရေးလုပ်ငန်းများပိုမိုဆိုးရွားသွားမည်ကို ပြည်သူများက စိုးရိမ်နေမှုများလည်းရှိနေသည်။
Photo – Than Lyan / MPA
ပုံစာ – မန္တလေးကျုံးဘေးတွင် အမိုးအကာမရှိ နေထိုင်နေရသည့် ပြည်သူများ