By Mg Dagon / MPA
မန္တလေးမြို့ကိုဗဟိုပြု၍ လှုပ်ခပ်ခဲ့သော သမိုင်းတစ်လျှောက် အကြီးမားဆုံးငလျင်ဒဏ်ကို ပြည်သူအများကြုံတွေ့ခံစားနေရစဉ် ရန်ကုန်မြို့ရှိ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့တွင် သီချင်းများဖွင့်၍ ပျော်ပါးနေကြသူများကို အများက ဝေဖန်ပြောဆိုနေကြသည်။
ထိုမြို့နယ်များရှိ ရှင်ပြုအလှူအချို့အပါအဝင် ကားတချို့ဖြင့် မြို့တွင်း လှည့်လည်ပျော်ပါးနေကြခြင်းဖြစ်သည်။
“အလှူရက်က ကြိုတင်စီစဉ်ပြီးသားမလို့ လုပ်တာက ပြဿနာမရှိပါဘူး။ အခုက သူများတွေ ဒုက္ခတွေ့နေကြချိန်မှာ ဆောင်းဘောက်ကြီးတွေဖွင့်ပြီး ပျော်နေကြတာကတော့ မျက်စိစပါးမွှေး ဆူးစေတာပေါ့နော်။ အဲဒီထက်ဆိုးတာကတော့ ဘာမှမဟုတ်ဘဲနဲ့ ကားကြီးတွေနဲ့ ဆောင်းဘောက်တွေဖွင့် လှည့်နေကြတာပဲ” ဟု ရွှေပြည်သာမြို့နယ်နေ အသက် ၄၈ နှစ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ထိုသူ အများစုမှာ အရက်သေစာ သောက်စားထားကြပုံပေါ်နေပြီး မူးနေကြဟန်ရှိသည်ဟု ယင်းမြို့ခံအချို့က ပြောသည်။
“ကားပေါ်မှာကနေသူတွေက အရက်သောက်ထားကြတယ်နဲ့တူတယ်။ ကနေကြတာ ကွေးနေတာပဲ” ဟု ရွှေပြည်သာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ရှင်ပြုအလှူအချို့မှာလည်း အလှူနှင့်မသက်ဆိုင်သည့် DJ သီချင်းများဖွင့်လှစ်နေကြသကဲ့သို့ ကားဖြင့်လှည့်လည်နေသူများကလည်း “ပျော်သလားဟေ့ မောင်တို့ရေ” ဆိုသည့် သင်္ကြန် DJ သီချင်းများဖြင့် လှည့်လည်နေကြခြင်းဖြစ်သည်ဟု သိရသည်။
အလားတူ လှိုင်သာယာမြို့နယ်အတွင်း၌လည်း DJ သီချင်းများဖွင့်လှစ်၍ ကခုန်ပျော်ပါးနေကြသကဲ့သို့ ဝေဖန်ကြည့်ရှုသူအချို့ ဆဲဆိုကြိမ်းမောင်းခံရသည်ဟု သိရသည်။
“လှိုင်သာယာမှာလည်း DJ သီချင်းတွေနဲ့ စက်မှုဇုန်ထဲလာပြီး ပျော်နေကြတယ်။ ‘မကရဘူးလို့ ဘယ်သူကပြောလဲ’ ဆိုတဲ့ သီချင်းနဲ့ ပတ်နေကြတယ်” ဟု လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ စက်ရုံတစ်ရုံမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
လှိုင်သာယာစက်မှုဇုန်အတွင်း DJ သီချင်းဖွင့် ကခုန်မှုများပြုလုပ်နေသူများသည် တရုတ်နိုင်ငံသားအများစုဖြစ်ပြီး အလွန်ရှက်စရာကောင်းသည့် လုပ်ရပ်ဟု ၎င်းက မှတ်ချက်ပြုသည်။
ယမန်နေ့ မတ်လ ၂၉ ရက်ညပိုင်းက မန္တလေးငလျင်ကြီး၏ နောက်ဆက်တွဲငလျင်များထပ်မံလှုပ်ခပ်မည်ဆိုသည့်ကောလာဟလများကြောင့် ပုဇွန်တောင် ၊ ဒေါပုံ ၊ တာမွေ ၊ မင်္ဂလာတောင်ညွှန်၊ လမ်းမတော်၊ သင်္ဃန်းကျွန်း အစရှိသည့် မြို့နယ်များရှိ တိုက်ခန်းများတွင် နေထိုင်သူများသည် ညသန်းခေါင်အချိန်ထိ လမ်းမများပေါ်ထွက်၍ နေထိုင်ခဲ့ကြရသည်ဟု ယင်းမြို့ခံများထံမှ သိရသည်။
မတ်လ ၂၈ ရက်၊ နေ့လယ်ပိုင်းက မန္တလေးမြို့ကိုဗဟိုပြု၍ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ဖြင့် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝန်း သေဆုံးသူဦးရေ ၁,၆၀၀ ကျော်အထိ မြင့်တက်လာပြီး ဒဏ်ရာရသူလည်း ၃,၄၀၀ ကျော်အထိရှိလာကြောင်း စစ်ကောင်စီက မတ် ၂၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားချက်အရ သိရသည်။
ထို့အပြင် နောက်ဆက်တွဲငလျင်များလည်း ယမန်နေ့ညနေပိုင်းအထိ ဆက်လက်လှုပ်ခပ်နေဆဲဖြစ်သကဲ့သို့ ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခပ်ခဲ့သေးသည်။
စာတည်း-ကိုဆန်း