By Zwe Ko /MPA
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် စစ်ဘေးရှောင်များထားသည့် ဝေဠုဝန်ဘုန်းကြီးကျောင်းသည် ယနေ့ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပြိုကျခဲ့ပြီး ကိုရင်တစ်ပါးနှင့် စစ်ရှောင်ကလေးငယ် ငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးပရဟိတအသင်း အဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဝေဠုဝန်ဘုန်းကြီးကျောင်းသည် ဖြူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်ထားသည့် ဘုန်းကြီးကျောင်းဖြစ်ကြောင်း အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ကိုရင်လေးက ဘုန်းကြီးကျောင်းက ကျန်တဲ့ ကလေးငယ်ငါးယောက်က ဖြူးဘက်ကနေ စစ်ရှောင်လာတဲ့သူတွေ၊ ဒဏ်ရာရရတဲ့ကလေးတွေလည်းရှိတယ်။ အတိအကျမသိရသေးဘူး ” ဟု ၎င်းက ပြောသည်။
ငလျင်ကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များသည် အသက် ၁၀နှစ်ဝန်းကျင်ခန့်သာရှိပြီး မိန်းကလေးသုံးဦးနှင့် ယောင်္ကျားလေး သုံးဦးဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စစ်ဘေးရှောင်တွေထားတဲ့ ကျောင်းဆောင်ပြိုကျသွားတာ၊ သုံးပုံ တစ်ပုံလောက်ပြိုကျပြီး အောက်က လူတွေကို ပိသွားတာ၊ အဲ့ဒီမှာ ကလေးတွေသေကုန်တာဖြစ်တယ်။ ကိုရင်လေးဆို ကိုရင်ဝတ်နေတာ သုံးရက်လောက်ပဲရှိသေးတယ် ” ဟု ၎င်းက ပြောသည်။
လက်ရှိ ဒဏ်ရာရရှိသူများကို တောင်ငူဆေးရုံသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ် စိုးရိမ်ရသူများလည်းပါဝင်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့တစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ဆေးရုံမှာ မီးပြတ်နေတော့ ပိုဒုက္ခရောက်တယ်။ ခြေကျိုးလက်ကျိုးတွေ၊ ခေါင်းထိထားတဲ့သူတွေပါရှိတယ်။ အခုထိ(ညနေ ခြောက်နာရီ) ကယ်ဆယ်ရေးတွေ လုပ်လို့မပြီးသေးဘူး ” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ငလျင်ကြောင့် တောင်ငူမြို့နယ်ရှိ ကန်တော်ဗလီပြိုကျမှုဖြစ်ပွားခဲ့ပြီး အစ္စလာမ် ငါးဦးသေဆုံးခဲ့ကြောင်း တောင်ငူမြို့ခံ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ ဝတ်ပြုနေတဲ့အချိန် ငလျင်လှုပ်ပြီး ပြိုကျတာ၊ အဲ့ဒီမှာ ငါးယောက် အုတ်တွေပိပြီးသေသွားတယ်။ ဒဏ်ရာရရတဲ့သူတွေလည်းရှိတယ်။ တောင်ငူမှာ တော်တော်အခြေအနေဆိုးတယ်။ တစ်ခါမှ အခုလိုငလျင်မျိုးမကြုံဖူးဘူး ” ဟု ၎င်းက ငလျင်ဘေးနှင့် ပတ်သက်သည့် အခြေအနေကို ရှင်းပြသည်။
ယခုငလျင်ကြောင့် တောင်ငူမြို့နယ်၌ ဘာသာရေးအဆောက်အအုံနှစ်ခု ပြိုကျသည့်အပြင် နေအိမ်အချို့လည်း ပျက်စီးမှုများရှိကြောင်း ဒေသခံများက ဆိုသည်။
ယင်းအပြင် ငလျင်ကြောင့် တောင်ငူမြို့ရှိ ခပေါင်းဆည်ကျိုးကျသည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် စစ်တောင်းမြစ်ကမ်းနှင့်နီးသည် ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံများသည် ထိတ်လန့်မှုများဖြစ်ပေါ်နေကာ ကြိုတင်ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေကြောင်းလည်းသိရသည်။