By Maung Dagon / MPA
မန္တလေးတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးကြောင့် နေပြည်တောတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်၏ စစ်ရုံးနှင့် အနီးတစ်ဝိုက်ရှိ ဝန်ထမ်း အိမ်ယာများလည်း ထိခိုက်ပျက်ဆီးမှုများပြားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
” အရာရှိ အိမ်ယာတွေထဲ ပြိုကျတာတွေ အများကြီးဘဲ၊ အခု အကုန် အပြင်ထွက်နေကြရတယ်” ဟု စစ်ကောင်စီ စစ်ရုံးအနီး အရာရှိ အိမ်ယာများ၌ နေထိုင်သူတစ်ဦးက အတည်ပြု ပြောသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ် ဝန်းကျင်က စစ်ကိုင်းပြတ်ရွေ့၌ အင်အား ရစ်ချတ်တာစကေး ၇ ဒဿမ ၇ ရှိ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ငလျင်ဒဏ်ကြောင့် နေပြည်တော်၌ စစ်ရုံး၊ လွှတ်တော် အဆောက်အအုံအချို့၊ သပြေကုန်းစျေး တို့ အပါ အဝင် လူနေ အဆောက်အအုံ အများအပြား ပြိုကျပျက်ဆီးမှုများ ဖြစ်ခဲ့ပြီး လူသေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။
” ကျတော့် အမ သပြေကုန်းစျေးနားမှာ နေတာ အိမ်ပြိုတဲ့ထဲပါတာ ဆုံးသွားပြီ” ဟု ငလျင်ကြောင့် သေဆုံးခဲ့ရသူတစ်ဦး၏ မိသားစုဝင် တစ်ဦးက အတည်ပြုပြောသည်။
လက်ရှိတွင် စစ်ရုံးနှင့် အရာရှိ၊ ဝန်ထမ်း အိမ်ယာများ အနီးတစ်ဝိုက်သို့ စစ်ကောင်စီ ခေါင်းဆောင်က သွားရောက် ကြည့်ရှုခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။
စာတည်း-ကိုဆန်း